မချမ်းဘော ၂၆ ဖေဖော်ဝါရီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁၀ နာရီခွဲက မချမ်းဘောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစောသီဟက မိသားစုဝင်ငွေ တိုးတက်လာစေရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေးအတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတူးဂျာက သင်တန်းတက်ရောက်မည့် သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းကာလအတွင်း သတ်မှတ်ထားသော သင်တန်းစည်းမျဉ်း စည်းကမ်းများကို စနစ်တကျလိုက်နာ၍ သင်တန်းမှသင်ကြားပို့ချသော ဘာသာရပ်များကို ကောင်းမွန်စွာ အသုံးချနိုင်ရေးအတွက် ကြိုးစားသင်ယူသွားရန် ပြောကြားသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၂၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလ ရက်သတ္တပတ် သုံးပတ်ကြာ ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဖျော်ရည်ပြုလုပ်နည်းနှင့် ယိုထုတ်လုပ်နည်း (၁၁)မျိုးကို သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)


