နေပြည်တော် ၂၆ ဖေဖော်ဝါရီ
တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ဒက္ခိဏခရိုင်တရားရုံး၌ ကျင်းပသည်။
အစည်းအဝေးတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် ချမှတ်အကောင်အထည်ဖော်ခြင်းဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်နှင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိုးသိန်းတို့က အဖွင့်အမှာစကား ပြောကြားကြသည်။
ထို့နောက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ Professor YOSHINO Takayoshi က တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ် အကျဉ်းချုပ်ကို ရှင်းလင်းပြောကြားသည်။
အဆိုပါစမ်းသပ်အစီအစဉ်သည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)တို့ ပူပေါင်းဆောင်ရွက်ခြင်းဖြစ်ကာ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိခရိုင် တရားရုံး၊ တပ်ကုန်းမြို့နယ်တရားရုံး၊ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တရားရုံးနှင့် တောင်ငူမြို့နယ် တရားရုံးတို့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီး မတ်(၁)ရက်မှ စတင်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တရားရုံးက ဦးဆောင်သော စေ့စပ်ဖြေရှင်းရေးအစီအစဉ်ကြောင့် အချက်အလက်များကို လုံခြုံစွာ လျှို့ဝှက်ထားနိုင်ခြင်း၊ အမှုသည်များကိုယ်တိုင် လွယ်ကူစွာ ပါဝင်နိုင်ခြင်း၊ အချိန်တိုအတွင်း ဖြေရှင်းနိုင်ခြင်း၊ အမှုသည်များအား စိတ်ကျေနပ်မှု မြင့်မားစေနိုင်ခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ အပြင်အမှုသည်များအကြား ဆက်ဆံရေး တိုးတက်ကောင်မွန်စေနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း အဆိုပါအစည်းအဝေးမှ သိရှိရသည်။
(သတင်းစဉ်)


