နေပြည်တော် ၂၆ ဖေဖော်ဝါရီ 

 

ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့က ကျင်းပသည့် “ဆောလျင်စွာ ရှေ့နေရပိုင်ခွင့်” အမျိုးသားအဆင့် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ Kempinski ဟိုတယ်၌ ကျင်းပသည်။

 

စကားဝိုင်းတွင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက "ဒီနေ့လုပ်တဲ့ ဆွေးနွေးပွဲရဲ့ အဓိကအချက်ကတော့ နိုင်ငံသားအားလုံး ရသင့်တဲ့ အခွင့်အရေးကို တစ်စုံတစ်ခုကြောင့် မရဘူးဆိုရင် ကျွန်တော်တို့က ကူညီဖို့ဖြစ်ပါတယ်။ တရားရုံးကိစ္စကို ဝင်စွက်ဖို့မဟုတ်ပါဘူး။ ဖိအားပေးဖို့လည်း မဟုတ်ပါဘူး။ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ အမှန်တကယ်ရအောင် ကူညီဖို့ဖြစ်ပါတယ်။ အဲဒါကျွန်တော်တို့ အဖွဲ့ရဲ့တာဝန်ပဲဖြစ်ပါတယ်။ ဒီအဖွဲ့မျိုး ကျွန်တော်တို့နိုင်ငံမှာ ယခင်ကမရှိခဲ့ပါဘူး။ သက်ဆိုင်ရာဌာနတွေရဲ့ အကူအညီနဲ့ အများပြည်သူ အကျိုးကို ဆောင်ရွက်ပေးနိုင်ဖို့ ဒီဆွေးနွေးပွဲကိုလုပ်တာပါ။ ကျွန်တော်တို့အဖွဲ့အနေနဲ့ လက်ရှိမှာ အမှုပေါင်း ၅၀ ကျော် လောက်ဆောင်ရွက်နိုင်ပါပြီ။ ဒီထက်ပိုပြီး ဆောင်ရွက်ပေးနိုင်အောင် ကြိုးစားသွားမှာပါ" ဟု ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်က ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဖွဲ့ဝင် ဦးကျော်ဟိုးက “ဆောလျင်စွာ ရှေ့နေရပိုင်ခွင့်၊ ဥပဒေဆိုင်ရာ လုပ်ဆောင်ရန်လိုအပ်ချက်များနှင့် လုပ်ထုံး၊  လုပ်နည်း အကြံပြုချက်များရပိုင်ခွင့်” ခေါင်းစဉ်ကိုလည်းကောင်း၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ နိုင်ငံတကာအကြံပေးအရာရှိ မစ္စ်ဂျေရယ်လင်းဘက်စ်နာဒိုက “သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့များမှ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များကို ကူညီပံ့ပိုးရေးအတွက် နိုင်ငံတကာ အလေ့အကျင့်ကောင်းများ” ခေါင်းစဉ်ကိုလည်းကောင်း၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အမျိုးသားအကြံပေးအရာရှိ ဦးဟန်ဇာထွန်းက “နိုင်ငံအတွက် ကျင့်သုံးမည့် အကောင်းဆုံးအလေ့အထများ” ခေါင်းစဉ်ကိုလည်းကောင်း၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်က "ဆောလျင်စွာ ရှေ့နေရပိုင်ခွင့်၊ ဥပဒေဆိုင်ရာ လုပ်ဆောင်ရန် လိုအပ်ချက်များနှင့် လုပ်ထုံး၊ လုပ်နည်းအကြံပြုချက်များ ရပိုင်ခွင့်" ခေါင်းစဉ်နှင့် "ဥပဒေဆိုင်ရာ အထောက်အကူပေးရေး လုပ်ငန်းများအပေါ် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပူးပေါင်းကူညီခြင်း" ခေါင်းစဉ်ကိုလည်းကောင်း၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဖွဲ့ဝင် ဦးကျော်စိုးဗိုလ်က "ဥပဒေဆိုင်ရာ အထောက်အကူပေးရေးလုပ်ငန်းတွင် အဂတိလိုက်စားမှုများကို ကြိုတင်ကာကွယ် တားဆီးရေးလုပ်ငန်းများ" ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြရာ တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။ 

 

mdn

 

ထို့နောက် တက်ရောက်လာကြသူများက ဥပဒေဆိုင်ရာ အထောက်အကူပေးသည့် ရှေ့နေနှင့် ဆွေးနွေးတိုင်ပင်ခွင့်ရစေရန် မည်ကဲ့သို့ အကောင်းဆုံး လုပ်ဆောင်မည်ဆိုသည့်အချက်၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပြုအဖွဲ့အနေဖြင့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးစနစ်ကို စတင်အကောင်အထည်ဖော်သည့် ကာလကပင် အဂတိကင်းရှင်းစေရန် မည်သို့လုပ်ဆောင်မည် ဆိုသည့်အချက်နှင့် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများအနေဖြင့် ရည်ရွက်ချက်များ ပြည့်မီစေရန် မည်သို့ပူးပေါင်း ဆောင်ရွက်မည်ဆိုသည့် အချက်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။ 

 

မျိုးမြင့် (သတင်းစဉ်)