သရက် ၂၆ ဖေဖော်ဝါရီ
နွေရာသီကာလ သောက်သုံးရေရှားပါး ပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေရှားပါးပြတ်လပ်နိုင်သည့် ကျေးရွာလေးရွာတွင် သောက်သုံးရေ ရရှိရေးအတွက် ရေရရှိရေးလုပ်ငန်းလေးခု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွင်းနက်စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း နှစ်ခုနှင့် မြေသားရေကန် တူးဖော်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်း နှစ်ခုတို့ဖြစ်ကာ စုစုပေါင်းလုပ်ငန်း လေးခုကို မူလခွင့်ပြုရန်ပုံငွေကျပ် ၅၈ ဒသမ ၆ သန်းဖြင့် စစ်သားကျေးရွာ မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်း၊ မကျီးရုံကျေးရွာ မြေသားရေကန် ပြုပြင်ခြင်းလုပ်ငန်း၊ ပျဉ်ထောင်ကျေးရွာ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းနှင့် ဖျောက်ဆိပ်ခုံကျေးရွာ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းများကို မိုးရာသီကာလမတိုင်မီ လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းက ပြောသည်။
သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ယခင်နှစ်က ရေရှားပါး၍ ရေပေးဝေခဲ့ရသော ကျေးရွာများနှင့် အခြားရေရှားပါးနိုင်သည့် ကျေးရွာများကို ဦးစားပေးဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။
သရက်မြို့နယ်အတွင်း နွေရာသီကာလ သောက်သုံးရေ ရှားပါးပြတ်လပ်မှု ဖြစ်ပေါ်လာပါက ခရိုင်နှင့် မြို့နယ် တယ်လီဖုန်း နံပါတ်များဖြစ်သည့် ဝ၆၈-၂၁၄၆၇၊ ဝ၆၈-၂၁၄၄၅ နံပါတ်များသို့ အချိန်အခါမရွေး ဆက်သွယ်နိုင်ပြီး အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကြီး ဦးဆောင်သော ခရိုင်အဆင့် လုပ်ငန်းအရည်အသွေး စစ်ဆေးရေးအဖွဲ့များနှင့် တာဝန်ရှိသူများ ယနေ့ မွန်းလွဲ ၂ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံကာ မြေသားရေကန်များ ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရန် အချက်များကို ရှင်းလင်း၍ အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆုဝေထွန်း(သရက်)


