နေပြည်တော် ၂၆ ဖေဖော်ဝါရီ 


သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း နည်းစနစ်ဆိုင်ရာ လမ်းပြမြေပုံ (Agroforestry Roadmap) ရေးဆွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီတွင် သစ်တောဦးစီးဌာန ရုံးချုပ် အင်ကြင်းခန်းမ၌ ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေး၊ ရေမြေရာသီဥတု ပေါ်မူတည်ပြီး ဒေသအလိုက်သင့်လျော်သည့် နည်းစနစ်များဖေါ်ထုတ်ရေး၊ ကျေးလက်ပြည်သူများ စွမ်းဆောင်ရည်မြင့်မားလာစေရေး၊ ဆက်စပ်ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာစေရေး စသည်တို့အတွက် “သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းဆိုင်ရာ လမ်းပြမြေပုံ”ကို ပေါင်းစပ်ညှိနှိုင်းရေးဆွဲကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာအတွေ့အကြုံများ၊ မိမိတို့၏ကိုယ်ပိုင်အတွေ့အကြုံ၊ ဗဟုသုတနှင့် နည်းပညာများကို အခြေခံပြီး မိမိနိုင်ငံအတွက် အကောင်းဆုံး၊ အသင့်လျော်ဆုံး သီးနှံသစ်တောရောနှော စိုက်ပျိုးနည်းစနစ်များ ဖေါ်ထုတ်ရန် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းဆိုင်ရာ လမ်းပြမြေပုံ ထွက်ပေါ်လာစေရန် ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။

 

သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းကို ဆောင်ရွက်ခြင်းဖြင့် အဓိက အကျိုးကျေးဇူးများမှာ  မြေတစ်ယူနစ် ဧရိယာအတွင်းမှ သီးနှံထုတ်ကုန်အမျိုးမျိုး၊ သစ်နှင့်သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ ထုတ်လုပ်နိုင်ခြင်း၊ စားနပ်ရိက္ခာဖူလုံစေခြင်း၊ ရာသီအလိုက် ဝင်ငွေရရှိစေခြင်း၊ မြေဆီလွှာ တိုးတက်ကောင်းမွန်စေခြင်းနှင့် ထိန်းသိမ်းနိုင်ခြင်း၊ ရာသီဥတုမျှတစေခြင်း၊ ရေသယံ ဇာတထိန်းသိမ်းနိုင်ခြင်းနှင့် ရေကောင်းရေသန့်၊ လေကောင်းလေသန့် ရရှိစေခြင်း၊ စိုက်ပျိုးရေးသီးနှံများ ဖြစ်ထွန်းအောင်မြင်ခြင်း၊ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝစေခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ပါကြောင်း သိရသည်။ 

 

(သတင်းစဉ်)