အမာ ၂၇ ဖေဖော်ဝါရီ 


ဖျာပုံခရိုင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်မီးသတ် ကြက်ခြေနီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်း ပြုလုပ်သည့်  သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် မုန်တိုင်းအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခြင်းကို အမာမြို့ ဘဝသစ်ကျေးရွာအုပ်စု ဂေါ်ဒူကျေးရွာရှိ ရှယ်တာ(Shelter) တွင် ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

1


ရှေးဦးစွာ အမာမြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သီသီချိုတို့က သဘာဝဘေးအကြောင်း အသိပညာများ၊ ကာကွယ်နိုင်သည့် နည်းလမ်းများ၊ ဖြစ်ပေါ်လာပါက လုပ်ကိုင်ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး ဂေါ်ဒူကျေးရွာသည် ပင်လယ်ကမ်းစပ်တွင် တည်ရှိသောကြောင့် နှစ်စဉ် သဘာဝဘေးကို ရင်ဆိုင်ခံစား နေရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်မှ ကျေးရွာနေပြည်သူများ သဘာဝဘေး ကျရောက်လာပါက ခိုလှုံနိုင်ကြရန် မုန်တိုင်း ဒဏ်ခံအဆောက်အဦ ရှယ်တာကို ငွေကျပ် သိန်း ၁၅၀ဝ အကုန်အကျခံ ဆောက်ပေးထားကြောင်း၊ မုန်တိုင်း အန္တရာယ် ကျရောက်လာပါက ကာကွယ်တတ်ကြစေရန် ယခုကဲ့သို့ ဇာတ်တိုက်လေ့ကျင့်ပေးရခြင်းဖြစ် ကြောင်းပြောကြားခဲ့သည်။


ယင်းနောက် မီးသတ်တပ်ဖွဲ့မှလည်း သက်ဆိုင်သည့် ပညာပေးများ ဆွေးနွေးပြီး ကြက်ခြေနီ တပ်စုမှူးက အရေးပေါ် ဖြစ်ပေါ်လာသည့် အခြေအနေများအတွက် အသက်ကယ်နည်းနှင့် ရှေးဦးပြုစုနည်းများကို ပညာပေးဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဂေါ်ဒူကျေးရွာပြည်သူများနှင့် စုပေါင်းပြီး မုန်တိုင်းဘေးအန္တရာယ်ရင်ဆိုင်ကြုံတွေ့ရသည့် အခြေအနေအတိုင်း သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခဲ့ကြောင်း သိရှိရပါသည်။


ဝင်းမြင့်အောင်(ပြန်/ဆက်)