မကွေး  ၂၇ ဖေဖော်ဝါရီ


မကွေးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော မြင်ကွန်းကျေး ရွာအုပ်စု၊ မြင်ကွန်း - အင်းကုန်းကျေးရွာ ကုန်ထုတ်လမ်းရာနှုန်းပြည့် ပြီးစီပြီဖြစ်၍ အဆိုပါ ကျေးရွာများရှိ တောင်သူများ၏ ဒေသထွက်ကုန်ပစ္စည်းများ ကုန်ကျစရိတ်သက်သာစွာဖြင့် သယ်ပို့နိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။


မြင်ကွန်း၊ အင်းကုန်း၊ အင်းပု ကျေးရွာများရှိ လယ်မြေများကို စက်မှုလယ်ယာဦးစီးဌာနမှ စံပြလယ်မြေအဖြစ် စနစ်တကျ ဖော်ဆောင်ထားသော လယ်မြေကွက်များအကြားတွင် ကုန်ထုတ်လမ်းအဖြစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြု ရန်ပုံငွေကျပ် ၁၃ ဒသမ ၁၂ သန်းဖြင့် အလျား ၂၈၃၀ ပေ၊ အကျယ် ရှစ်ပေ၊ အမြင့် ခြောက်လက်မထု ကျောက်ရောမြေ ခင်းခြင်းနှင့် ကိုးလက်မထု မြေနီကျောက်စရစ်ခင်းခြင်းကို ခင်ဇော်တိုးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးသွားပြီ ဖြစ်တယ်လို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်ကျော် ပြောပြချက်အရ သိရသည်။


ကုန်ထုတ်လမ်းဆောင်ရွက်နိုင်မှုကြောင့် မြင်ကွန်း၊ အင်းကုန်း၊ အင်းပု ကျေးရွာများရှိ  တောင်သူ ဦးရေ (၂၀ဝ)ဦး၏ လယ်မြေဧက (၃၅၀) ဧက အကျိုးပြုမည်ဖြစ်ပြီး ၎င်းလယ်များမှထွက်ရှိသော လယ်ယာထွက်ဆန်းစပါးနှင့် အခြားဒေသ ထွက်ကုန်ပစ္စည်းများ ကုန်ကျစရိတ်သက်သာစွာနဲ့ သယ်ယူနိုင်တော့မှ ာဖြစ်တယ်လို့ မြို့နယ်ဦးစီးမှူးက ဆက်လက် ပြောပြသည်။


အဆိုပါ ကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးမှုကို ဖေဖော်ဝါရီလ(၂၇)ရက်နေ့ နံနက်(၉)နာရီအချိန်က မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်နှင့်အဖွဲ့က သတ်မှတ်သိပ်သည်းမှုပြည့်မီမှု ရှိ၊ မရှိ၊ သတ်မှတ်အတိုင်းအတာ၊ သတ်မှတ်ထု၊ စံချိန်စံညွှန်းနှင့် အရည်အသွေး ပြည့်မီမှု ရှိ/မရှိ  တို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန် မှာကြားပါသည်။


“ကျွန်တော်တို့ရွာရဲ့ မြေကွက်တွေကို စက်မှုလယ်ယာဦးစီးဌာနမှ စံပြလယ်မြေကွက်အဖြစ် စနစ်တကျဖော်ထုတ်ပေးပြီး ကျေးလက်ဦးစီးဌာနကနေ ယခုလိုကုန်ထုတ်လမ်း ဖောက်ပေးတော့ ကျနော်တို့ရွာမှာရှိတဲ့ တောင်သူတွေအတွက် အဆင်ပြေ သွားတာပေါ့။ အရင်ကဆိုရင် လယ်ယာသုံးစက်ကိရိယာ အဝင်အထွက်ခက်ခဲတာတွေလည်း ရှိခဲ့ပါတယ်။ နောင်ဆိုရင် အဲဒီအခက်အခဲတွေ ကြုံရတော့မှမဟုတ်ပါဘူး၊  ဒေသထွက်ကုန်တွေလည်း ကုန်ကျစရိတ် သက်သာစွာနဲ့ မြန်မြန်ဆန်ဆန် ထုတ်ယူနိုင်တော့မှာပါ။ လမ်းရေရှည်တည်တံ့ကောင်းမွန်ရေးကိုလည်း ဆောင်ရွက်သွားမှာပါလို့" မြင်ကွန်းကျေးရွာ အုပ်ချုပ်ရေးမှူး  ဦးမင်းမင်းစိုးဦးမှ ပြောသည်။


သန်းလွင်(မကွေး)

 

123