စလင်း ၂၇ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး စလင်းမြို့တွင် မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် လှည့်လည်ပြသဟောပြောခြင်းကို ယနေ့ နံနက်ပိုင်းက စလင်းမြို့ စည်ပင်သာယာပန်းခြံ နှင့် မြို့မဈေးလမ်းထောင့်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မှုခင်းပြခန်းယာဉ်ဖြင့် လှည့်လည်ပြသရာတွင် စလင်းမြို့နယ် ရဲတပ်ဖွဲ့မှုး ရဲမှူး ခင်မောင်ကြည် ဦးဆောင်ကာ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးနှင့် ယာဉ် လမ်းစည်းကမ်း ဥပဒေများ၊ မူးယစ်ဆေးဝါးနှင့် သက်ငယ်မုဒိမ်းမှု ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟော ပြောမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ဆင်ဖြူကျွန်းမြို့၌ မှုခင်းပြခန်းယာဉ်ဖြင့်လှည့်လည်ပြသသွားမည်ဖြစ်ကြောင်း ရဲမှူး ခင်မောင်ကြည် က ပြောသည်။
အဆိုပါ ပြခန်းယာဉ်ပေါ်သို့ ကျောင်းသား၊ ကျောင်းသူများ ပြည်သူများ လာရောက်လေ့လာကြည့်ရှု့ခဲ့ကြောင်း သိရသည်။
ငြိမ်းသူ(စလင်း)


