မန္တလေး ၂၇ ဖေဖော်ဝါရီ


မန္တလေးတိုင်းဒေသကြီးတွင် နွေကာလအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးအတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများကို ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းက ဆောင်ရွက်နေကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။


မန္တလေးတိုင်းဒေသကြီးအတွင်း နွေကာလတွင် လျှပ်စစ်ဓာတ်အား အပြည့်အဝ ဖြန့်ဖြူးပေးနိုင်ရေးအတွက် နိုင်ငံတော် ဓာတ်အားစနစ်နှင့် ချိတ်ဆက်ထားသည့် ပင်မ ဓာတ်အားခွဲရုံကြီးများ ရှိ Main Transformer များ အင်အားတိုးမြှင့် တပ်ဆင်ခြင်းလုပ်ငန်း၊ ထပ်ဆင့်ဓာတ်အားခွဲရုံကြီးများကို နွေကာလတွင် တိုးတက်သုံးစွဲလာမည့် ဝန်အားနိုင်နင်းစွာ ဖြန့်ဖြူးနိုင်ရန် အင်အား တိုးမြှင့်ခြင်းနှင့်တပ်ဆင်ခြင်းလုပ်ငန်း၊ ဓာတ်အားလိုင်းများ ကြံ့ခိုင် ကောင်းမွန်မှု ရှိစေရန် လုပ်ငန်းများ ဆောင်ရွက်နေကြောင်း အဆိုပါကော်ပိုရေးရှင်းရှိ တာဝန်ရှိသူတစ်ဦးက ပြောသည်။


"ဓာတ်အားခွဲရုံတွေရဲ့ မူလအားတွေကို ပိုတိုးမြှင့်တာတွေ၊ လိုင်းတွေ ခံနိုင်အားမြှင့်တဲ့ လုပ်ငန်းတွေ အဓိက ဆောင်ရွက်နေတယ်။ လုပ်ငန်းတော်တော်များများ ပြီးခါနီးနေပါပြီ။ နွေကာလမှာ အဆင်ပြေစေဖို့အတွက် ဆောင်ရွက်နေတာပါ" ဟု ၎င်းကပြောသည်။


မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်အားခွဲရုံများ အင်အားတိုးမြှင့်တပ်ဆင်ခြင်း လုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဘတ်ဂျက်ရန်ပုံငွေဖြင့် ၃၃ကေဗွီဓာတ်အား ခွဲရုံခုနစ်ရုံ နှင့် ၆၆ ကေဗွီဓာတ်အားခွဲရုံတစ်ရုံတို့ကို မူလ ၁၀ MVA မှ ၂၀ MVA သို့ အင်အားတိုးမြှင့်ဆောင်ရွက်နေပြီး ၃၃ ကေဗွီဓာတ်အားခွဲရုံနှစ်ရုံကို ၅ MVA မှ ၁၀ MVA သို့ အင်အားတိုးမြှင့် ဆောင်ရွက်နေကြောင်း သိရသည်။


ဓာတ်အားလိုင်းများ ဝန်အားနိုင်နင်းမှု ရှိစေရန်အတွက် ၃၃ ကေဗွီဓာတ်အားလိုင်း ၁၃ ဒသမ ၇ မိုင်နှင့် ၁၁ ကေဗွီဓာတ်အားလိုင်း ၈ ဒသမ ၈၄ မိုင် စုစုပေါင်းဓာတ်အားလိုင်းအပိုင်း ခုနစ်ခုတို့ကို အသစ်တိုးချဲ့တည် ဆောက်နေကြောင်း အဆိုပါ ကော်ပိုရေးရှင်းမှ သိရသည်။


သူရိန်လင်း