နေပြည်တော် ၂၇ ဖေဖော်ဝါရီ
ကျား၊ မ အခြေပြု အကြမ်းဖက်ခံရသူများအတွက် တစ်နေရာထဲတွင် ဝန်ဆောင်မှုများ ရရှိနိုင်သောဌာန (One Stop Crisis Center (OSCC) for Gender Based Violence) ကို နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် - ၁၀ဝ၀) ၌ ယနေ့ ဖွင့်လှစ်ခဲ့သည်။
ထိုကဲ့သို့ ဖွင့်လှစ်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ကျင်းပခဲ့ပြီး အကြမ်းဖက်မှုခံစားရသူများတွင် စိတ်ဓါတ်ကျခြင်း၊ ကြောက်ရွံ့ခြင်း၊ ထိခိုက်ခံစားရပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများသည် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများထက် ကုသမှုပေးရန် ပိုမိုခက်ခဲခြင်းတို့ကြောင့် ထိုသို့ မဖြစ်ပွားစေရန် စောစီးစွာဖြင့် နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ အသိပညာပေးခြင်းနှင့် လိုအပ်သည့် ကုသမှုများနှင့် အကူအညီများပေးအပ်ရန်မှာ အရေးကြီးသည့်အတွက် ယခုကဲ့သို့ ဖွင့်လှစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဆိုပါအခမ်းအနားမှ သိရသည်။
(၂၀၁၅-၂၀၁၆) ခုနှစ် မြန်မာနိုင်ငံလူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက် စစ်တမ်းတွေ့ရှိချက်များအရ စစ်တမ်းဖြေဆိုသူအမျိုးသမီး (၇)ဦးတွင် တစ်ဦးသည် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံစားခဲ့ရခြင်း၊ အိမ်ထောင်သည် အမျိုးသမီး (၅)ဦးတွင် တစ်ဦးသည် ခင်ပွန်းဖြစ်သူမှ အကြမ်းဖက်မှုကို ခံစားခဲ့ရခြင်းနှင့် ရုပ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံစာခဲ့ရဖူးသူများ၏ ၂၂ ရာခိုင်နှုန်းကသာ အကူအညီများရယူခဲ့ခြင်းတို့ကို တွေ့ရှိရသဖြင့် ကျား၊ မ အခြေပြု အကြမ်းဖက်ခံရမှုဆိုင်ရာ ပြဿနာများသည် ကြီးမားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက အခမ်းအနား အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် - ၁၀ဝ၀) တွင် ကျား၊ မ အခြေပြု အကြမ်းဖက်ခံရသူများအတွက် တစ်နေရာထဲတွင် ဝန်ဆောင်မှုများ ရရှိနိုင်သော ဌာနဖွင့်လှစ်ဆောင်ရွက်ခြင်းကို နမူနာရယူ၍ အခြားတိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက်မှုခံစားရသူများသည် ကျန်းမာရေးစောင့်ရှောက်မှုကို ဦးစွာဆက်သွယ်ခံယူကြမည်ဖြစ်သဖြင့် ကျန်းမာရေးကဏ္ဍမှ ကျင့်ဝတ်များနှင့် အညီစေတနာပြည့်ဝစွာဖြင့် စနစ်တကျ ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်သူများအတွက် ပြုစုထုတ်ဝေထားရှိသော ကျား၊ မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများ၊ ဈေးဝယ်စင်တာများတွင် ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေပေးရန်၊ ပညာရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးတို့၏ စာသင်ကျောင်းများ၊ သင်တန်း ကျောင်းများ၊ လေ့ကျင့်ရေးကျောင်းများနှင့် တက္ကသိုလ်များတွင် ကျား၊ မ အခြေပြု အကြမ်းဖက်မှုနှင့် ပတ်သက်သော အချက်အလက်မှန်များ၊ အသိပညာများ ဖြန့်ဝေပေးရန်နှင့် စက်ရုံအလုပ်ရုံများတွင် ဟောပြောပွဲများ ပြုလုပ်သွားရန်လည်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။
ကျား၊ မ အခြေပြု အကြမ်းဖက်ခံရသူများအတွက် တစ်နေရာထဲတွင် ဝန်ဆောင်မှုများ ရရှိနိုင်သောဌာနကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ဥက္ကဌဒေါက်တာစံရွှေဝင်း၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်နှင့် ဆေးရုံအုပ်ကြီး ဒေါက်တာပပတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဌာနအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျား၊မအခြေပြု အကြမ်းဖက်ခံရသူများအတွက် တစ်နေရာထဲတွင် ဝန်ဆောင်မှုများ ရရှိနိုင်သောဌာနတွင် ဂုဏ်သိက္ခာကို လေးစားခြင်း၊ သတင်းအချက်အလက်များကို လျှို့ဝှက်ထိန်းသိမ်းပေးခြင်း၊ ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချစေခြင်းနှင့် ခွဲခြားဆက်ဆံမှုမရှိခြင်း စသည့် လမ်းညွှန်သဘောတရားများဖြင့် ကျား၊ မ အခြေပြု အကြမ်းဖက် ခံစားခဲ့ရသူများအတွက် ဆေးကုသစောင့်ရှောက်မှု၊ စိတ်ပိုင်းနှင့် လူမှုရေးပိုင်းဆိုင်ရာ အကူအညီ၊ ဥပဒေရေးရာအကူအညီနှင့် ဘေးကင်းလုံခြုံစိတ်ချမှု အကူအညီများကို နှီးနွယ်ဌာနများ၊ အဖွဲ့အစည်းများ၊ INGO/ NGOများ၊ လူမှုအဖွဲ့အစည်းများ စသည်တို့နှင့် ပူးပေါင်းချိတ်ဆက် ကူညီပံ့ပိုးပေးသွားမည်ဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် - ၁၀ဝ၀) တွင် အကြမ်းဖက်ခံစားရသူများ လွယ်ကူချောမွေ့စွာ ဝန်ဆောင်မှုများ ရယူနိုင်ရန် စနစ်တကျစီစဉ်ထားရှိပြီး လုပ်ငန်းများ ပိုမိုကောင်းမွန်စေရန်အတွက် မျက်ခြေမပြတ် ဆန်းစစ်မှုများ ဆောင်ရွက်ကာ မွမ်းမံပြင်ဆင်လုပ်ဆောင်ခြင်းနှင့် အသုံးချ သုတေသနများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


