ဆီဆိုင် ၂၈ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပင်စုံကျေးရွာအုပ်စု ကောင်းမူဗွာ ကျေးရွာတွင် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဦးဆောင်၍ ကနေဒါနိုင်ငံ MEDA အဖွဲ့မှ ရန်ပုံငွေ ပံ့ပိုးကူညီမူဖြင့် အမျိုးသမီးများ ဦးဆောင်မှုနှင့် စီးပွားရေး တိုးတက်လာပြီး လူနေမှုအဆင့် ပိုမိုမြင့်တက်လာစေရန်နှင့် ကျေးရွာပြည်သူလူထုတွေ စီမံကိန်းအကြောင်းကို ပိုမိုနားလည် သဘောပေါက် လာစေရန်အတွက် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက အမျိုးသမီးများအတွက် ဈေးကွက်ဆိုင်ရာ အခွင့်အလမ်း တိုးတက်ရရှိစေရေး စီမံကိန်းစိုက်ကွင်းသရုပ်ပြ ရှင်းလင်းပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က အမှာစကား ပြောကြားပြီး မေတ္တာဖွံ့ဖြိုးရေးဖောင်းဒေးရှင်းအဖွဲ့မှ စီမံကိန်း၏စိုက်ပျိုးရေးပညာရှင် ဦးမြင့်ဆွေက စိုက်ကွင်းသရုပ်ပြ ပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးမျိုးမင်းဆွေက စိုက်ပျိုးရေးနှင့် ပတ်သက်၍ ကျေးရွာမှ ချိတ်ဆက်ဆောင်ရွက်ပုံများကို ရှင်းလင်းပြောကြားပြီး မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ မဝါဝါသီက မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းနှင့် စီမံကိန်းအကြောင်းကိုလည်းကောင်း၊ အမျိုးသမီး ထုတ်လုပ်သူအဖွဲ့ မှ နန်းပြုံးရီက တစ်နှစ်တာ လုပ်ဆောင်ခဲ့သော လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


