မိုးညှင်း ၂၈ ဖေဖော်ဝါရီ
မြို့နယ်ကျေလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်နေ ပြည်သူများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ အခြေခံ စားသောက်ကုန်များဖြစ်သည့် ဖျော်ရည် ၅ မျိုးနှင့် ပန်းကန်ဆေးရည်၊ ရေချိုးဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ရောင်စုံဖယောင်းတိုင် ပြုလုပ်နည်းများနှင့် လက်မှုပညာဖြစ်သည့် သော့ချိတ်ထိုးနည်း သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် မိုးညှင်းမြို့၊ သာစည်ကွက်သစ်ရှိ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးအောက်ထပ်၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်က အမှာစကား ပြောကြားရာတွင် ယခုဖွင့်လှစ်ခဲ့သည့် သင်တန်းမှရရှိခဲ့သော ပညာများဖြင့် ဒေသတွင်းထွက်ကုန်များကိုအခြေခံ၍ တီထွင် ကြံဆပြီး အောင်မြင်သည့် လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားသွားကြရန် လိုအပ် ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းဆင်းလက်မှတ်များကို ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းထိုက်က ပေးအပ်ရာ သင်တန်းသူတစ်ဦးမှ လက်ခံရယူခဲ့ပြီး သင်တန်းသားများကိုယ်စား ညောင်ကုန်းကျေးရွာမှ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြား ခဲ့သည်။
အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ အကျိုးပြုရွာ ၁၂ ရွာမှ သင်တန်းသား သင်တန်းသူ ၃၀ တက်ရောက်ခဲ့ပြီး သင်တန်းကာလ ၁၅ ရက်ကြာ ဖွင့်လှစ်ခဲ့ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


