ကိုဌေး (ကနောင်)

မြန်မာ့အားကစားလောက ရေရှည်တိုးတက် အောင်မြင်လိုပါက အမြဲတမ်းလိုက်နာဆောင်ရွက်ရမည့်   လုပ်ငန်းစဉ်များမှာ “လူထုအားကစား လှုပ်ရှားမှုများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်လာစေရေး စီမံဆောင်ရွက်ရမည်၊ “လူငယ်/လူရွယ်မျိုးဆက်သစ်များ အမြောက်အမြား  တစုတဝေးတည်းရှိနေသည့်  အခြေခံပညာကျောင်းများနှင့်  တက္ကသိုလ်/ ကောလိပ်များတွင် အားကစားနှင့်   ပညာရေး ထိထိမိမိပေါင်းစပ်နိုင်ရေး စီမံဆောင်ရွက်ရမည်”၊ “အားကစားနည်းအလိုက် ထူးချွန်မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ပေါ်ထွက်စေရေးအတွက် နယ်ပယ်ဒေသကဏ္ဍအစုံတွင် အားကစားပြိုင်ပွဲများ ပုံမှန် ကျင်း ပပြုလုပ်ရမည်”၊ “အားကစားပြိုင်ပွဲမျိုးစုံ ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် အားကစားကွင်း/ အားကစားရုံများနှင့် အားကစား အထောက်အကူပစ္စည်းများ ပြည့်စုံစွာ ဖန်တီးပေးရမည်”၊ “ကျင်းပသည့် ပြိုင်ပွဲများသို့ အဆင့်မီမီဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ အဆင့်ဆင့်သောပြိုင်ပွဲများ ပြုလုပ်ပြီး လူရွေးချယ်ခြင်း၊ အဆင့်မီ နည်းပြများဖြင့် လုံလောက်သည့် အချိန်အတိုင်းအတာတစ်ခုအထိ ကြိုတင်ပြင်ဆင် စခန်းသွင်း လေ့ကျင့်ခြင်းများ ပြုလုပ်ပြီးမှသာ ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရမည်”၊ “ကျင်းပမည့်ပြိုင်ပွဲတိုင်း ပြိုင်ပွဲအဆင့်အတန်း မြင့်မားပြီး ပြိုင်ဆိုင်မှုပြင်းထန်အောင် တာဝန်ရှိသူများက ကြီးကြပ်စီမံဆောင်ရွက်ရမည်”၊ “ခေတ်နှင့်အညီ တိုးတက်လာသည့် အားကစားသိပ္ပံနှင့် အားကစားလေ့ကျင့်ရေး သဘောတရားများအား မျက်ခြည်မပြတ် လိုက်ပါဆောင်ရွက်နိုင်ရမည်”၊ “အားကစားနည်းအလိုက် အရည်အသွေး ပြည့်မီသည့် နည်းပြများ၊ ဒိုင်/ဂျူရီများ စဉ်ဆက်မပြတ်ပေါ်ထွက်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများအထိ ထိုးဖောက်တာဝန် ထမ်းဆောင်နိုင်ရေး စီမံဆောင်ရွက်ရမည်”၊ “သက်တမ်းအလိုက်ပြိုင်ပွဲများမှ ပေါ်ထွက်လာသည့် အားကစားနည်းအလိုက် ထူးချွန်မျိုးဆက်သစ်များကိုသာ အားကစားသိပ္ပံများနှင့် အားကစားအကယ်ဒမီ ကျောင်းများတွင် ကျစ်လျစ်သိပ်သည်းသော အင်အားဖြင့် ရေရှည်စခန်းသွင်း လေ့ကျင့်ပြုစုပျိုးထောင်ရမည်”၊ “အားကစား အသိပညာပေးလုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ဆောင်ရွက်ရမည်” ဖြစ်ပါသည်။

အထက်ပါလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်ပြည့်ပြည့်ဝဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာလျှင် မြန်မာ့အားကစား အဆင့်အတန်း တိုးတက်လာမည်ဖြစ်၍ နိုင်ငံတော်ကခိုင်မာသည့် မူဝါဒများ ချမှတ်ပေးရေးနှင့် လုံလောက်သည့် ဘတ်ဂျက်ရန်ပုံငွေများ ဖြည့်ဆည်းပေးရေးသည်လည်း လွန်စွာအရေးပါလှပါသည်။

အားကစားလှုပ်ရှားဆောင်ရွက်မှုများသည် နိုင်ငံအတွင်းရှိ ပြည်သူတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေးကို များစွာ အထောက်အကူပြုနေသည့်အပြင် အားကစားနည်းအလိုက် မျိုးဆက်သစ်များ ပေါ်ထွက်ရေးအတွက်လည်း တိုက်ရိုက်အထောက်အကူ ပြုလျက်ရှိသည်။ သို့ဖြစ်၍လည်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေးနှင့် အလားအလာရှိသော မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်ရေးအတွက် နယ်ပယ်ဒေသကဏ္ဍအစုံတွင် အားကစားစုပေါင်းလှုပ်ရှားမှုများနှင့် အားကစား ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိသည့်အပြင် နိုင်ငံတကာ အားကစား ပြိုင်ပွဲများသို့လည်း စဉ်ဆက်မပြတ် စေလွှတ်ယှဉ်ပြိုင်စေလျက်ရှိပါသည်။

ယခုအခါ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးပြီးလျှင် အကြီးမားဆုံး ပြိုင်ပွဲတစ်ခုအဖြစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသဖြင့် နိုင်ငံသားတစ်ယောက် အနေဖြင့်သော်လည်းကောင်း၊ အားကစားဝါသနာရှင် တစ်ယောက်အနေဖြင့်သော်လည်းကောင်း မြန်မာ့အားကစားတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုမည့် မျိုးဆက်သစ်များပေါ်ထွက်ရေး ရည်ရွယ်ကျင်းပသည့် ပြိုင်ပွဲကြီးကို ဝမ်းမြောက်စွာ ကြိုဆိုမိပါသည်။

 

အောင်မြင်မှုမြင့်မားခဲ့သည့် မြန်မာ့အားကစား

 

မြန်မာ့အားကစား သမိုင်းကြောင်းကို ပြန်ကြည့်လျှင် ၁၉၆၀ ပြည့်လွန်နှစ်များမှသည် ၁၉၇၀ ပြည့်လွန် နှစ်များအထိ အရှေ့တောင်အာရှအဆင့်တွင် ထိပ်တန်းကရပ်တည်နိုင်ခဲ့ပြီး အာရှအဆင့်သို့ ထိုးဖောက်၊ ကမ္ဘာ့အဆင့်အထိ တက်လှမ်းနိုင်ခဲ့သည့် သာဓကများရှိခဲ့ပါသည်။ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ (SEAP Games) များတွင် အိမ်ရှင်အဖြစ်ကျင်းပခဲ့သည့် ၁၉၆၁ ခုနှစ် ဒုတိယအကြိမ် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲနှင့် ၁၉၆၉ ခုနှစ် ပဉ္စမအကြိမ် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲများ တွင် နိုင်ငံအလိုက် အဆင့်(၁)နေရာတွင် ရပ်တည် နိုင်ခဲ့ပြီး ၁၉၆၅၊ ၁၉၆၇၊ ၁၉၆၉၊ ၁၉၇၁၊ ၁၉၇၃ ခုနှစ် များ၌ ကျင်းပခဲ့သည့် ကျွန်းဆွယ်အားကစားပြိုင်ပွဲ များတွင် မြန်မာဘောလုံးအသင်းအနေဖြင့် ငါးကြိမ် ဆက်တိုက် ချန်ပီယံဖြစ်ခဲ့သည်။

၎င်းအပြင် အဆိုပါကာလများအတွင်း ၁၉၆၄၊ ၁၉၆၇၊ ၁၉၇၁ ခုနှစ်များတွင် ကျင်းပခဲ့သည့် ဒေသတွင်း ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲများဖြစ်သည့် မာဒေးကားချန်ပီယံ သုံးကြိမ်၊ ၁၉၇၁၊ ၁၉၇၂၊ ၁၉၇၃ ခုနှစ်များတွင် ပတ်ချုံဟီးဖလားချန်ပီယံ သုံးကြိမ်၊ ၁၉၇၁၊ ၁၉၇၃၊ ၁၉၇၄၊ ၁၉၇၅ ခုနှစ်များတွင် ဂျာကာတာဖလားချန်ပီယံ လေးကြိမ်၊ ၁၉၇၇၊ ၁၉၇၈၊ ၁၉၇၉ ခုနှစ်များတွင် မာရာဟာလင်ဖလားချန်ပီယံ သုံးကြိမ်၊ ၁၉၆၁၊ ၁၉၆၃၊ ၁၉၆၄၊ ၁၉၆၆၊ ၁၉၆၈၊ ၁၉၆၉၊ ၁၉၇၀၊ ၁၉၇၇ ခုနှစ်များတွင် အာရှလူငယ် ချန်ပီယံ ရှစ်ကြိမ်ဖြစ်ခဲ့သည်။ ၁၉၆၆ ခုနှစ်နှင့် ၁၉၇၀ ပြည့်နှစ်များတွင် ကျင်းပခဲ့သည့် အာရှအားကစား ပြိုင်ပွဲတွင် မြန်မာ့ဘောလုံးအသင်းအနေဖြင့် နှစ်ကြိမ် ဆက်တိုက် အာရှချန်ပီယံဖြစ်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများတွင် အာရှချန်ပီယံ နှစ်ကြိမ်ဆက်တိုက် ရရှိခဲ့သည့် နိုင်ငံအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင်ကျင်းပခဲ့သည့် မြူးနစ်ကမ္ဘာ့အိုလံပစ် ပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်းအနေဖြင့် အသန့်ရှင်းဆုံး ဆုဖလားကို ထိုက်ထိုက်တန်တန်ရရှိခဲ့သည်။

ပြေးခုန်ပစ်အားကစားနည်း၏ အောင်မြင်မှုအကျဉ်းချုပ်အားဖော်ပြရလျှင် ၁၉၅၉ ခုနှစ် ပထမအကြိမ် အရှေ့တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲမှစ၍ ကျင်းပပြီးစီးခဲ့သည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအထိ ပြေးခုန်ပစ်အားကစား နည်းတစ်ခုတည်းမှ ရွှေတံဆိပ် ၁၇၆ ခု၊ ငွေတံဆိပ် ၁၈၃ ခု၊ ကြေးတံဆိပ် ၁၄၄ ခု စုစုပေါင်း ဆုတံဆိပ် ၅၀၃ ခုအထိ ရယူပေးနိုင်ခဲ့ပါသည်။ နိုင်ငံအတွက် ရွှေတံဆိပ်များစွာ ရယူပေးနိုင်ခဲ့သည့် အားကစားသမားများစွာ ရှိသည့်အနက် အားကစားသမားအချို့အား ကောက်နုတ် ဖော်ပြရလျှင် ဒေါ်ဂျနီဖာတင်လေးတစ်ဦးတည်းက သံလုံး၊ သံပြား၊ ဘော်လီဘော အားကစားနည်းများဖြင့် ရွှေတံဆိပ် ၁၅ ခု၊ ဒေါ်ခင်ခင်ထွေးတစ်ဦးတည်းက မီတာ (၈၀၀/ ၁၅၀၀/ ၃၀၀၀/ ၅၀၀၀/ ၁၀၀၀၀) ပြိုင်ပွဲများမှ ရွှေတံဆိပ် ၁၂ ခု၊ ဂျင်မီကရင်တန် တစ်ဦးတည်းကပင် မီတာ (၈၀၀/ ၁၅၀၀/ ၅၀၀၀) ပြိုင်ပွဲများမှ ရွှေတံဆိပ် ၁၂ ခု၊ ဒေါ်သန်းသန်း တစ်ဦးတည်းက မီတာ (၂၀၀/၄၀၀/၈၀၀)နှင့် လက်ဆင့်ကမ်းပြိုင်ပွဲများမှ ရွှေတံဆိပ် ၁၂ ခု၊ ဒေါ်မာမာမင်းတစ်ဦးတည်းက မီတာ(၈၀၀/၁၅၀၀/၃၀၀၀/ ၁၀၀၀၀) မာရသွန်ပြိုင်ပွဲများနှင့် မီတာ(၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲများမှ ရွှေတံဆိပ် ကိုးခု၊ ဦးသန့်ဇင်က ရွှေတံဆိပ်ခြောက်ခု၊ ရှင်ဗွေဂန်းနှင့် ဦးကိုကိုတို့က ရွှေတံဆိပ်ငါးခုစီ၊ မခင်ပု၊ ဦးအောင်သန်း၊ ဒေါ်အေးရွှေ၊ ဦးမောင်လှ၊ ဦးခင်စိုး၊ ဒေါ်နုနုရီတို့က ရွှေတံဆိပ်လေးခုစီ၊ အာဖူး၊ စန်းစန်းအေး၊ နိုင်လင်းချစ်၊ ထွန်းတင်၊ မကျင်လွမ်တို့က ရွှေတံဆိပ်သုံးခုစီ ရယူပေးနိုင်ခဲ့ကြပြီး ကျန်အားကစားသမားများကလည်း နိုင်ငံတော်အတွက် ရွှေတံဆိပ်များစွာ ရယူပေးနိုင်ခဲ့ကြပါသည်။

အလားတူ မြန်မာဘော်လီဘောအမျိုးသား အသင်းအနေဖြင့်လည်း ၁၉၆၁၊ ၁၉၆၉၊ ၁၉၇၅၊ ၁၉၇၇၊ ၁၉၈၃၊ ၁၉၈၉ ခုနှစ်များတွင် နိုင်ငံတော် အတွက် ရွှေတံဆိပ်ခြောက်ခု ရယူပေးနိုင်ခဲ့ပါသည်။

ယင်းအပြင် လက်ဝှေ့အားကစားနည်းအနေဖြင့်လည်း ပထမအကြိမ် ကျွန်းဆွယ်အားကစားပြိုင်ပွဲမှ (၁၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအထိ အောင်ထွန်း၊ စတန်လေမဂျစ်၊ လှရွှေ၊ လှညွန့်၊ ရဲတင့်၊ မောင်ညွန့်၊ တင်မောင်၊ ခင်မောင်ဝင်း၊ ကူဖာရိုင်း၊ နီနီ၊ တင်ထွန်း၊ ဒေါ်လာ၊ ဝင်းမောင်၊ မောင်သိန်း၊ သိန်းလွင်၊ ကြူဟန်၊ သက်ဦးလေး၊ စန်းမြင့်၊ ဟာရာခမ်း၊ အောင်မြင့်၊ ညိုဝင်း၊ ဇော်လတ် တို့က နိုင်ငံတော်အတွက် ရွှေတံဆိပ် ၂၅ ခုနှင့် ငွေ၊ ကြေး ဆုတံဆိပ်များရယူပေးနိုင်ခဲ့သည့် မှတ်တမ်း များလည်း အခိုင်အမာရှိခဲ့ပါသည်။

 

ဤသည်ကား မြန်မာ့အားကစား ရွှေခေတ်ကာလ အောင်မြင်မှုများအနက်မှ တစ်စိတ်တစ်ဒေသကိုသာ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။ မြန်မာ့အားကစားအောင်မြင်မှုမြင့်မားခဲ့သည့် အဆိုပါကာလများအတွင်း အားကစားဝန်ကြီးဌာနဟူ၍ သီးခြားဖွဲ့စည်း ဆောင်ရွက်နိုင်ခြင်းမရှိစေကာမူ ပြည်သူလူထုတစ်ရပ်လုံး၏ အားပေးဆောင်ရွက်မှုများဖြင့် လူထုအားကစားလှုပ်ရှားမှုများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ် ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်နိုင်ခဲ့မှုများကြောင့် ပေါ်ပေါက်လာသော အသီးအပွင့်များဖြစ်ပါသည်။

 

ကျင်းပပြီးစီးခဲ့သည့် အမျိုးသား အားကစားပွဲတော်များ၏ ဦးတည်ချက်များ

 

မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အစိုးရအဆက်ဆက် အမျိုးသား အားကစားပွဲတော်များကို ကျင်းပခဲ့ကြပါသည်။ ကျင်းပပြီးစီးခဲ့သည့် ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် အမျိုးသားအားကစား ပွဲတော်များအား မြန်မာ့အားကစားကမ္ဘာကို လွှမ်းစေရမည် ဟူသော ရည်မှန်းချက်ကို အမျိုးသားရေးလှုပ်ရှားမှုဖြင့် ဆောင်ရွက်ရန်၊ အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်ဟု ခံယူတတ်လာစေရန်၊ အားကစားဆောင်ရွက်ရာတွင် မျိုးချစ်စိတ်ဓာတ် ဇာတိသွေး ဇာတိမာန် ရှင်သန်လာစေရေးအတွက် ဦးတည်လာစေရန်၊ ထူးချွန်ထက်မြက်သော အားကစားမျိုးဆက်သစ်များ ပေါ်ထွက်လာပြီး ကမ္ဘာ့အဆင့်အထိ တက်လှမ်းလာစေရန်၊ မြန်မာ့ အားကစား အဆင့်အတန်း မြင့်မားစေရေးအတွက် တစ်နိုင်ငံလုံးက ပါဝင်လှုပ်ရှားပြီး တက်ကြွစွာအားပေးချီးမြှောက်မှုများ ပြုလုပ်လာစေရန်၊ ခေတ်မီတိုးတက်သော အားကစားနည်းစနစ်များဖြင့် လေ့ကျင့်ပျိုးထောင်ထားသော အားကစားထူးချွန်သူများ ပေါ်ထွန်းရေးအတွက် တက်ကြွစွာပါဝင်ဆောင်ရွက်လာစေရန်နှင့် အနယ်နယ် အရပ်ရပ်တွင် ပျံ့နှံ့နေသည့် ထူးချွန်သော အားကစားသမားအချင်းချင်း ပိုမိုရင်းနှီးမှုရရှိကာ ပြည်ထောင်စု စိတ်ဓာတ်ပြင်းထန်လာစေရန် စသည့်ဦးတည်ချက် (၇) ရပ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

 

ထည့်သွင်းကျင်းပခဲ့သည့် အားကစားနည်းများ နှင့် ပါဝင်ယှဉ်ပြိုင်သည့် အင်အား

 

ပထမအကြိမ် အမျိုးသားအားကစားပွဲတော် ကို ၁၉၉၂ ခုနှစ် မေလ ၃ ရက်နေ့မှ ၁၆ ရက်နေ့ အထိ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ဝန်ကြီးဌာနများအဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)၊ တိုင်း/တပ်မဌာနချုပ်များ၊ တက္ကသိုလ် (အထက်/အောက်မြန်မာပြည်) အဆင့်၊ တိုင်းနှင့် ပြည်နယ် အခြေခံကျောင်းသားအဆင့်ဟူသော အဆင့်သုံးဆင့်ခွဲကာ အားကစားနည်း ၂၂ မျိုး ထည့်သွင်းကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း ၇၂ သင်း၊ ပြိုင်ပွဲဝင်အားကစားသမား ၁၀၁၂၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။

ဒုတိယအကြိမ် အမျိုးသားအားကစားပွဲတော် ကို ၁၉၉၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ ရန်ကုန်မြို့တွင် ဝန်ကြီးဌာနများအဆင့်၊ တိုင်းနှင့် ပြည်နယ်အဆင့်ဟူ၍ နှစ်ဆင့်ခွဲကာ အားကစားနည်း ၂၄ မျိုး ထည့်သွင်းကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း ၄၀၊ ပြိုင်ပွဲဝင်အားကစားသမား ၈၇၀၄ ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြပါသည်။

တတိယအကြိမ် အမျိုးသားအားကစားပွဲတော် ကို ၁၉၉၇ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့တွင် ဝန်ကြီးဌာနများ အဆင့်၊ တိုင်းနှင့် ပြည်နယ်၊ တက္ကသိုလ်များ(အထက်/အောက်)ဟူ၍ အဆင့် နှစ်ဆင့်ခွဲကာ အားကစားနည်း ၂၉ မျိုး ထည့်သွင်းကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်း ၅၅ သင်း၊ ပြိုင်ပွဲဝင်အားကစားသမား ၁၁၃၇၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေပြည်တော်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလွတ်တန်းအဆင့် တစ်မျိုးတည်းကိုသာ အားကစားနည်း ၂၇ မျိုးနှင့် မသန်စွမ်းအားကစားနည်းလေးမျိုး ထည့်သွင်းကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် အသင်း ၁၅ သင်း၊ ပြိုင်ပွဲဝင် အားကစားသမား ၄၃၆၁ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။   

 

mdn

  

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၏ ရည်ရွယ်ချက်များ

 

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အား နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက် မြင့်မားလာစေရန်၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်အောင်မြင်မှု ရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်လာနိုင်စေရန်၊ ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစား လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် ရည်ရွယ်ချက် များဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထည့်သွင်းကျင်းပမည့် အားကစားနည်းများ

 

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့်၌ အားကစားနည်း ခြောက်မျိုး ထည့်သွင်း ကျင်းပသွားမည်ဖြစ်ပြီး ပြေးခုန်ပစ် (အမျိုးသား/ အမျိုးသမီး)၊ ဘောလုံး(အမျိုးသား)၊ ဖူဆယ်(အမျိုးသား)၊ ဂေါက်သီး(အမျိုးသား)၊ ပိုက်ကျော်ခြင်း (အမျိုးသား)နှင့် ဘော်လီဘော (အမျိုးသား) ပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်သည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်တွင် အားကစားနည်း ၂၃ မျိုး ထည့်သွင်းကျင်းပသွားမည် ဖြစ်ပြီး ပါဝင်မည့် အားကစားနည်းများမှာ ပြေးခုန်ပစ် (အမျိုးသား/ အမျိုးသမီး)၊ ဘတ်စကက်ဘော (အမျိုးသား)၊ ကြက်တောင် (အမျိုးသား/ အမျိုးသမီး)၊ ဘိလိယက်/ စနူကာ (အမျိုးသား)၊ လက်ဝှေ့(အမျိုးသား)၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု (အမျိုးသား/ အမျိုးသမီး)၊ ခရစ်ကတ် (အမျိုးသား)၊ ဘောလုံး (အမျိုးသား/ အမျိုးသမီး)၊ ဖူဆယ် (အမျိုးသား/ အမျိုးသမီး)၊ ဂေါက်သီး (အမျိုးသား)၊ ဂျူဒို (အမျိုးသား/ အမျိုးသမီး)၊ ကရာတေး (အမျိုးသား/ အမျိုးသမီး)၊ ပိုက်ကျော်ခြင်း (အမျိုးသား/ အမျိုးသမီး)၊ ရေကူး (အမျိုးသား/ အမျိုးသမီး)၊ စားပွဲတင်တင်းနစ် (အမျိုးသား/ အမျိုးသမီး)၊ တိုက်ကွမ်ဒို (အမျိုးသား/ အမျိုးသမီး)၊ တင်းနစ် (အမျိုးသား)၊ ရိုးရာခြင်းလုံး (အမျိုးသား/ အမျိုးသမီး)၊ မြန်မာ့သိုင်း (အမျိုးသား/ အမျိုးသမီး)၊ ဘော်လီဘော (အမျိုးသား/ အမျိုးသမီး)၊ ဗိုဗီနမ် (အမျိုးသား/ အမျိုးသမီး)၊ အလေးမ (အမျိုးသား/ အမျိုးသမီး)၊ ဝူရှူး(အမျိုးသား/ အမျိုးသမီး) ပွဲစဉ်များ ပါဝင်မည်ဖြစ်သည်။

 

mdn

 

ပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်မည်

 

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် အဆင်ပြေချောမွေ့စွာ ပြီးမြောက်စေရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီအပြင် အားကစားသမား စိစစ်ရေးနှင့် အားကစားပြိုင်ပွဲများ ကျင်းပရေးကော်မတီ၊ မျိုးဆက်သစ်အားကစားသမားများ ရွေးချယ်ရေး ကော်မတီ၊ ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနား အောင်မြင်စွာကျင်းပရေးကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးကော်မတီ၊ ဖိတ်ကြားရေး နှင့် ကြိုဆိုနေရာချထားရေးကော်မတီ၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးကော်မတီ၊ သယ်ယူပို့ဆောင်ရေးကော်မတီ၊ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေးကော်မတီ၊ ကျန်းမာရေးကော်မတီ၊ လုံခြုံရေးကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ဆုချီးမြှင့်ရေးကော်မတီ၊ ခုံသမာဓိကော်မတီနှင့် စာရင်းစစ်ဆေးရေး ကော်မတီတို့ကိုလည်း ထပ်မံဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်သည်။

 

ပြိုင်ပွဲဝင်အသင်းများ အဆင့်မီမီ ဝင်ရောက်ယှဉ်ပြိုင်ကြရန်လို

 

အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပပေးခြင်းသည် မြန်မာ့အားကစား အဆင့်အတန်း တိုးတက် လာစေရေးအတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်၍ ပါဝင်ယှဉ်ပြိုင်ကြမည့် ဝန်ကြီးဌာနများနှင့် ပြည်နယ်/တိုင်းဒေသကြီးများမှ တာဝန်ရှိသူမျာ အနေဖြင့် ပြိုင်ပွဲတိုင်းတွင် အဆင့်မီမီဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး အဆင့်ဆင့်သော ပြိုင်ပွဲများပြုလုပ်ပြီး စနစ်တကျ လူရွေးချယ်ခြင်း၊ စနစ်တကျ ကြိုတင်ပြင်ဆင် စုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်ထားကြရန် လိုအပ်ပါသည်။ ဝန်ကြီးဌာနနှင့် ပြည်နယ်/ တိုင်းဒေသကြီး ကိုယ်စားပြုအသင်းအဖွဲ့များအနေဖြင့် ပြိုင်ပွဲတိုင်း အဆင့်မီမီဝင်ရောက်ယှဉ်ပြိုင်ကြရန် လိုအပ်သကဲ့သို့ အားကစားနည်းအလိုက် သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာယှဉ်ပြိုင်ကြရန်လည်း အထူးလိုအပ်လှပေသည်။

ပြိုင်ပွဲကြီးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြင့် ကျင်းပခြင်းဖြစ်သလို ပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေများစွာ သုံးစွဲဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် ပြိုင်ပွဲကျင်းပရခြင်း၏ ယှဉ်ပြိုင်သည့်ရည်ရွယ်ချက် ပေါက်မြောက်အောင်မြင်စေရန်နှင့် အမျိုးသားအားကစားပွဲတော်၏ ဂုဏ်ဒြပ်နှင့်အညီ ပြိုင်ပွဲတိုင်း ပြိုင်ဆိုင်မှုပြင်းထန်သည့် ပြိုင်ပွဲများဖြစ်စေရေး တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်သင့်လှပေသည်။

 

အားကစားလောကအတွက် အကျိုးရှိမည့် ပွဲတော်ကြီးဖြစ်စေလို

 

နိုင်ငံတော်အနေဖြင့် အမျိုးသားအားကစား ပွဲတော်ကြီး ပြန်လည်ကျင်းပပေးခြင်းသည် အားကစား လောကအတွက် ဝမ်းမြောက်စွာ ကြိုဆိုရမည်ဖြစ်သော်လည်း ပြိုင်ပွဲဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုယ်စားပြု အသင်းများအနေဖြင့် မြို့နယ်အဆင့်၊ ခရိုင်အဆင့် စသည့်အဆင့်ဆင့်သော ပြိုင်ပွဲများပြုလုပ်ပြီး မျိုးဆက်သစ်များအား အခြေခံကျကျ ရွေးချယ်မှသာ အားကစားနည်းအလိုက် မျိုးဆက်သစ် အမြောက်အမြား ပေါ်ထွက်လာမည်ဖြစ်သည့်အတွက် အလေးထား ဆောင်ရွက်ကြစေလိုပါသည်။ အားကစားသမားများ စိစစ်ရေးနှင့် ပြိုင်ပွဲများကျင်းပရေး ကော်မတီအနေဖြင့်လည်း သက်တမ်းသတ်မှတ်ထားသည့် အားကစားနည်းများအတွက် သက်တမ်းမှန်ကန်မှုရှိစေရေး စစ်ဆေးဆောင်ရွက်မည့် အစီအမံများကိုလည်း ကြိုတင်စဉ်းစား စီမံဆောင်ရွက်သင့်ပါသည်။ မျိုးဆက်သစ် အားကစားသမားများ ရွေးချယ်ရေးကော်မတီ အနေဖြင့်လည်း အားကစားနည်းအလိုက် ထူးချွန်သူများ မကျန်ရှိစေရေးအတွက် ရွေးချယ်မည့်အစီအမံများ ပြင်ဆင် ဆောင်ရွက်ထားရန်လည်း လိုအပ်ပါသည်။ အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပပြီးပါက ၂၀၂၅ ခုနှစ်အတွင်းကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအား အထောက်အကူပြုနိုင်မည့် အရည်အသွေးမီ အားကစားသမားများနှင့် အားကစားလောကအတွက် ရေရှည်အသုံး ပြုနိုင်မည့် အားကစားနည်းအလိုက် ထူးချွန်သည့် မျိုးဆက်သစ်များ အများအပြားပေါ်ထွက်လာမှသာ အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပရကျိုးနပ်မည်ကို သတိပြုစေလိုပါသည်။

 

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်

 

လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် မည်သည့်ခေတ်ကာလနှင့်မျှ မတူအောင် မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအား ထိုက်ထိုက်တန်တန် အားပေးဂုဏ်ပြုချီးမြှင့်မှုများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းကြီးများကိုလည်း နိုင်ငံတော်အတွက် ဆုတံဆိပ်ရယူပေးနိုင်ခဲ့မှုအပေါ် မူတည်၍ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာကဲ့သို့ လစဉ်ထောက်ပံ့ကြေးများ ချီးမြှင့်ခြင်း၊ ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ပေးအပ်လျက်ရှိသည်ကို အားကစားလောကသားများ အားကျဂုဏ်ယူဖွယ်ရာ မျက်မြင်ကိုယ်တွေ့ပင် ဖြစ်ပါသည်။ ယနေ့ခေတ်ကာလကဲ့သို့ နိုင်ငံတော်အပိုင်းမှ အစစအရာရာ ဖြည့်ဆည်းအားပေး ဆောင်ရွက်ပေးနေသည့်အချိန်တွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ အဆင့်ဆင့်သော တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများအသင်းမှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ အားကစားမီဒီယာများအပါအဝင် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်း အားပေးဆောင်ရွက်ကြမည်ဆိုပါက အချိန်အတိုင်းအတာတစ်ခုအတွင်း မြန်မာ့အားကစား ပြန်လည်ဦးမော့ လာနိုင်မည်ဟု ယုံကြည်မျှော်လင့်မိပါသဖြင့် မြန်မာ့အားကစား တိုးတက်အောင်မြင်စေလိုသည့် ပြည်သူတစ်ရပ်လုံးနှင့်အတူ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပပေးခြင်းကို လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုလိုက် ရပါကြောင်း....။