မန္တလေး ၂၈ ဖေဖော်ဝါရီ


မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ Control Room တွင် မှတ်တမ်းတင်ထားသည့် စည်းကမ်းပျက်ယာဉ်များကို ဧပြီလ ၁ ရက်က စပြီး အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။


ယနေ့ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေး သတ္တမနေ့တွင် ယခုလိုဖြေကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် ပြည်သူအများ လိုရာခရီးကို ဘေးကင်းလုံခြုံပြီး လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးနှင့် ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုလျော့ပါးရေးအတွက် အဆင့်မြင့်သောမြို့တွင် ခရီးသွားလာရေး စနစ်ကို အကောင်ထည်ဖော်မည့် ပြည်သူ့ခရီးသွားလာရေး မူဝါဒနှင့်ပတ်သက်ပြီး အောင်မြေသာစံမြို့နယ် ၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဦး၏မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။


‘အနီးမှာရှိတဲ့ မီးပွိုင့်တွေမှာ ရုံးဆင်းရုံးတက်ချိန် (Rush Hour) တွေကိုလည်း Control Room ကနေ မှတ်တမ်းတင်ပြီး မော်တော်ယာဉ် မတော်တဆဖြစ်ပါက မှတ်တမ်းတင်ပြီးသားလည်း ဖြစ်သလို စည်းကမ်းပျက်ယာဉ်များကိုလည်း အရေးယူဆောင်ရွက်နိုင်ရန် CCTV ကင်မရာအလုံး ၁၇၀ တပ် ဆင်ပြီးပါပြီ။ ယခုနှစ်အတွက် CCTV များ ဆက်လက် တပ်ဆင်ရန် လျာထားပြီး ဖြစ်ပါတယ်။  ပြည်သူကို ပညာပေးကာလ လေးလ သတ်မှတ်ထားပြီး ဧပြီလ ၁ ရက်ကစပြီး စတင်အရေးယူသွား ဖို့ရှိပါတယ်’ ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်ကပြောသည်။
အခုလ ၂၇ ရက် တစ်ရက်တည်းတွင် Control Room တွင် မှတ်တမ်းတင်ထားသည့်  မီးနီဖြတ်သည့် ယာဉ်အစီးရေ ၉၀ဝ ရှိကြောင်း သိရသည်။  


မန္တလေးမြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်များအား Wheel Lock ခတ် အရေးယူခြင်းကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၈ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ယာဉ်အစီးရေ ၄၉၃၂ ကို စီမံခန့်ခွဲမှု နည်းလမ်းအရ အရေးယူ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။


ယာဉ်နှစ်ထပ်ရပ်ခြင်း၊ လမ်းပိတ်ဆို့ခြင်း၊ လမ်းပြောင်းပြန်ရပ်ခြင်း၊ ဖြူနီကျားတွင်ရပ်ခြင်း၊ ယာဉ်မရပ်ရ သတ်မှတ်ထားသောနေရာတွင် ရပ်နားခြင်း၊ ပလက်ဖောင်းပေါ်တွင် ပိတ်ဆို့ရပ်နားခြင်း၊ လမ်းဆုံ၊ လမ်းခွမှ ပေ ၂၀ အတွင်းရပ်နားခြင်းများ ပြုလုပ်သည့် ယာဉ်များကို ယာဉ်မောင်းမရှိလျှင် ခေတ္တစောင့်ဆိုင်းခြင်း၊ ယာဉ်မောင်းမတွေ့ပါက  Wheel Lock ခတ်အရေးယူခြင်းဆောင်ရွက် ကြောင်းသိရသည်။ Wheel Lock ခတ်အရေးယူထားသည့်ယာဉ်သည် ညနေပိုင်းအထိ ယာဉ်မောင်းရောက်မလာပါက Toe Truck ဖြင့်ချိတ်ဆွဲထိန်းသိမ်းခြင်းဆောင်ရွက်ကြောင်း သိရသည်။


အိမို့မို့ခိုင်