မန္တလေး ၂၈ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အနေဖြင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိစေရန် ရပ်/ကျေး အဆင့် ပါတီဥက္ကဋ္ဌများကို နိုင်ငံရေးသင်တန်းများ ပေးမည်ဖြစ်ကြောင်း ပါတီ၏သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဦးကျော်ဆန်းက ပြောသည်။
သင်တန်းကို မတ်လအတွင်းပြုလုပ်မည်ဖြစ်ပြီး နိုင်ငံရေးအခြေအနေများ၊ ပါတီဖွဲ့စည်းပုံစည်းမျဉ်း၊ ပါတီအောင်နိုင်ရေးအတွက် ဆောင်ရွက်ရမည်များကို သင်ကြားပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။
"တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရပ်/ကျေးဥက္ကဋ္ဌတွေ အားလုံးကို သင်တန်းပေးမယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ သူတို့ဘာတွေလုပ်ဆောင်ရမယ်ဆိုတာ နောက်ပြီးနိုင်ငံရေးကို ဘယ်လိုလုပ်ဆောင်ရမယ် ဆိုတာကို သူတို့တွေသိဖို့လိုတယ်။ အဓိက ကတော့ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဘယ်လိုဆောင်ရမယ် ဆိုတာတွေ ပို့ချသွားမယ်" ဟု ၎င်း ကပြောသည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပခဲ့ပြီး လွှတ်တော်အားလုံးအတွက် ကိုယ်စားလှယ် စုစုပေါင်း ၁၁၅၀ နေရာရွေးချယ်ခဲ့ရာတွင် NLD ပါတီက ၈၈၆ နေရာဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၇၇ ရာခိုင်နှုန်းအနိုင်ရခဲ့ကာ ကြံ့ခိုင်ရေးပါတီက ၁၀ ဒသမ ၃ ရာခိုင်နှုန်း၊ ရခိုင်အမျိုးသားပါတီ (ANP) က ၃ ဒသမ ၉ ရာခိုင်နှုန်း၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)ပါတီက ၃ ဒသမ ၅ ရာခိုင်နှုန်းနှင့် အခြားပါတီများက ၅ ဒသမ ၃ ရာခိုင်နှုန်းအသီးသီး ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
သူရိန်လင်း


