နေပြည်တော် ၂၈ ဖေဖော်ဝါရီ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၁၉ ခုနှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော် နွေရာသီ အခြေခံအားကစား သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစား(B)ရုံ၌ ကျင်းပသည်။
နွေရာသီအခြေခံ အားကစားသင်တန်းများကို အမျိုးသားအားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် အောင်မြင်မှုများ ယခုထက်ပိုမိုရရှိစေရန်အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားမာန်အပြည့်ရှိပြီး ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားလူငယ်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာရေး၊ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် အခြေခံ အားကစား သင်တန်းများကို တက်ရောက်ခြင်းဖြင့် အားကစားကို ပိုမိုစိတ်ပါဝင်စားလာရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ယခုဖွင့်လှစ်သော သင်တန်းများတွင် အားကစားအဖွဲ့ချုပ်များမှ ကျွမ်းကျင်သော နည်းပြများနှင့် လေ့ကျင့်ပေး သွားမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူ များအနေဖြင့် သက်ဆိုင်ရာ အားကစားနည်းများအလိုက် စိတ်ပါဝင်စားစွာ သင်ယူလေ့ကျင့်ကြပါက အခြေခံပညာ ကျောင်းအဆင့် ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်မည့် အားကစား အခြေခံကောင်းများ ရရှိကြမည်ဖြစ်ကြောင်း၊ အားကစားနည်း အမျိုးမျိုးအတွက် မျိုးဆက်သစ်များရရှိပြီး နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သော မျိုးဆက်သစ် အားကစားသမား များဖြစ်အောင် ကြိုးစားကြရန် ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများက သင်တန်းအထောက်အကူပြု အားကစားပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မြို့နယ်(၈)မြို့နယ်မှ ပညာရေးမှူးများနှင့် အားကစားအဖွဲ့များ၊ ဘင်ခရာအဖွဲ့များထံ ပေးအပ်သည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် နွေရာသီအခြေခံ အားကစားသင်တန်း၏ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပစ်၊ ဘော်လီဘော၊ ဘောလုံး၊ မြန်မာ့သိုင်း၊ ကရာတေးဒိုနှင့် ဝူရှူးအားကစားနည်းများတွင် သင်တန်းသား သင်တန်းသူ ၄၇၀ဝ ကျော်ကို မတ် ၁၃ ရက်အထိ (၂)ပတ်ကြာ နေပြည်တော်ရှိ အခြေခံ ကျောင်းများနှင့် မြို့နယ်အားကစားကွင်းများ၌ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)



