ဂန့်ဂေါ   ၂၈  ဖေဖော်ဝါရီ

 

၂ဝ၁၅-၂၀၁၆ နှင့် ၂ဝ၁၈ ခုနှစ်များအတွင်း မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံများ ပျက်စီးခဲ့မှုအပေါ် ကမ္ဘာ့ဘဏ်ချေးငွေ (IRM) အစီအစဉ်ဖြင့် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများသို့ ကွန်ပေါင်းဓာတ်မြေသြဇာအိတ်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။ 

 

131

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးတို့က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးထင်အောင်ကြွယ်က ကွန်ပေါင်းဓာတ်မြေသြဇာအိတ်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။ 

 

ဂန့်ဂေါမြို့နယ်တွင် ၂ဝ၁၅-၂၀၁၆  နှင့်၂ဝ၁၈ ခုနှစ်တို့အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ကျေးရွာအုပ်စုပေါင်း ၅၆ အုပ်စုမှ တောင်သူပေါင်း ၆၅၁၀ ဦး၏ မိုးစပါးနှင့် အခြားသီးနှံပျက်စီးဧက ၁၄၃၇၆ ဧကအတွက် ကွန်ပေါင်း ဓာတ်မြေသြဇာအိတ်ပေါင်း ၂၈၅၂ အိတ်ကို တာဝန်ရှိသူများက သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ နှင့် တောင်သူကိုယ်စားလှယ်တစ်ဦးတို့ထံ ဓာတ်မြေသြဇာအိတ်များကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

ကျော်သန်းဆွေ(ပြန်/ဆက်)