စစ်တွေ  ၂၈  ဖေဖော်ဝါရီ

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲ ၂၀၁၉ ကို ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီကမ်းခြေတွင် အောင်မြင်စွာ ကျင်းပခဲ့ပြီး ပြည်တွင်း ပြည်ပမှ လုပ်ငန်းရှင်များသည် ရခိုင်ပြည်နယ်အတွင်း၌ အမေရိကန်ဒေါ်လာ သန်း ၅၀ဝ၀ ကျော်ခန့် ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန် အဆိုပြုခဲ့ကြောင်း ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာထူးမင်းသိမ်းက ပြောသည်။ 

“ရင်းနှီးမြှုပ်နှံမှုပြပွဲမှာ လက်မှတ်ထိုးဖြစ်တာ အခု ၃၀  ရှိပါတယ်။ EOI လို့ခေါ်တဲ့ Expression of Interest အနေနဲ့က ၂၇ ခု၊ project proposal က နှစ်ခု၊ ကုမ္ပဏီအချင်းချင်း B to B ထိုးတဲ့ MoU ကတစ်ခုဖြစ်ပါတယ်။ ပွဲကိုတက်ရောက်ကြတဲ့ ပြည်တွင်း ပြည်ပက လုပ်ငန်းရှင်တွေက ရခိုင်ပြည်နယ်မှာရှိတဲ့ အလားအလာတွေအပေါ် စိတ်ဝင်စားပြီးတော့ သူတို့လုပ်ကိုင်လိုတဲ့ ကဏ္ဍအပေါ်မှာ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘယ်လောက်လုပ်ဖို့ စိတ်ဝင်စားပါတယ်ဆိုတဲ့ အဆိုပြုချက် တွေဖြစ်ပါတယ်။ တန်ဖိုးအနေနဲ့ပြောရရင် အမေရိကန်ဒေါ်လာ ၅၂၄၉ သန်း ရှိပါတယ်” ဟု ၎င်းကပြောသည်။

 

mdn

 

ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန် အဆိုပြုရာ၌ ဟိုတယ်နှင့် ခရီးသွားကဏ္ဍကို အထူးစိတ်ဝင်စားမှု များပြားပြီး စိုက်ပျိုးရေး၊ စွမ်းအင်၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားကဏ္ဍတွင်လည်း စိတ်ဝင်စားမှုရှိကြောင်း သိရသည်။ 

“ဟိုတယ်နဲ့ခရီးသွားလာရေးကဏ္ဍမှာ စိတ်ဝင်စားမှုရှိတဲ့ နေရာတွေကို ပြောရရင် မာန်အောင်နဲ့ ငပလီကမ်းခြေ တစ်ဝိုက်ရှိမယ်၊ ဂွကမ်းခြေရှိမယ်။ အဲဒီနေရာတွေက ဟိုတယ်နဲ့ ခရီးသွားကဏ္ဍမှာ စိတ်ဝင်စားမှုအရှိဆုံးလို့ ပြောလို့ရပါတယ်။ မွေးမြူရေးနဲ့ ရေလုပ်ငန်းမှာဆိုရင် ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကိုပါ စိတ်ဝင်စားမှု ရှိတယ်။ အဓိကက ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းအတွက် ဝင်ရောက်လာဖို့ရှိတယ်။ ပြည်နယ်အစိုးရက လုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ စတင်ဖိတ်ခေါ်နေပါပြီ။ လုပ်ငန်းရှင်တွေဘက်ကလည်း ဆက်သွယ်မှု တွေရှိနေပါပြီ”ဟု ဒေါက်တာထူးမင်းသိမ်းက ဆိုသည်။

 

mdn

 

ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု ပိုမိုများပြားနေပြီး ရင်းနှီးမြှုပ်နှံရန် အဆိုပြုထားမှု ၁၄ ခုရှိကြောင်း၊ ဟိုတယ်လုပ်ငန်းသည် သဘောသဘာဝအားဖြင့် အလုပ်အကိုင်အခွင့်အလမ်း အမြောက်အမြား ဖန်တီးပေးနိုင်သည့် လုပ်ငန်းအမျိုးအစားတစ်ခု ဖြစ်သည့်အတွက် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ငပလီကမ်းခြေ၌ ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၃ ရက်ထိကျင်းပခဲ့သည့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ ပြည်တွင်း ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင် ၆၀ဝ ကျော်တက်ရောက်ခဲ့ပြီး ပြပွဲကာလအတွင်း ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အလားအလားရှိသည့် နေရာများသို့ သွားရောက်လေ့လာသည့် ခရီးစဉ်များလည်း ပါဝင်ခဲ့သည်။

(ဟန်လင်းနိုင်၊ ရာမည)

 

mdn