မကွေး  ၂၈  ဖေဖော်ဝါရီ   

        
နှစ်စဉ်နှစ်တိုင်း ရေရှားပါးမှုကြုံတွေ့ရသည့် ကျေးရွာများရှိနေ၍ မကွေးတိုင်းဒေသကြီးအတွင်း၌ နွေရာသီ ရေရှားပါးမှု မဖြစ်ပေါ်စေရေးအတွက် ရေရရှိရေးလုပ်ငန်းပေါင်း ၁၂၃ ခုကို ငွေကျပ် ၂၃၆၀ ဒသမ ၆၀၄ သန်း အသုံးပြုလုပ်ဆောင်လျက်ရှိကြောင်း တိုင်းဒေသကြီး ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မှ သိရသည်။
        

ယခင်နှစ်ကရေရှားပါး၍ ရေပေးဝေခဲ့ရသော ကျေးရွာများနှင့် အခြားရေရှားပါးနိုင်သည့် ကျေးရွာများကို ဦးစားပေး ဆောင်ရွက်နေခြင်းဖြစ်ပြီး တွင်းနက်စက်ရေတွင်း(၇၄)တွင်း၊ တွင်းတိမ်စက်ရေတွင်း(၃)တွင်း၊ လက်တူးတွင်း(၂)တွင်း၊ မြေသား ရေကန်(၆)ကန်၊ စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်း(၅)ခု နှင့် အခြားရေရရှိရေးလုပ်ငန်း(၃၃)ခုကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း လုပ်ဆောင်နေခြင်းဖြစ်သည်။

 

123


        

“ တိုင်းဒေသကြီးတွင်းက ကျေးရွာအချို့မှာ နှစ်စဉ်ရေရှားပါးလို့ ရေဝေပေးနေရတာတွေ ရှိပါတယ်။ ရေရရှိရေး လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာမြို့နယ်များက လွှတ်တော်ကိုယ်စားလှယ်တွေ ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတွေ အနေနဲ့ အရင်နှစ်က ရေဝေခဲ့ရတဲ့ ကျေးရွာတွေ နဲ့ အခြားရေရှားပါးနိုင်တဲ့ ကျေးရွာတွေကို ဦးစားပေး ရွေးချယ်ပေးခဲ့ပါတယ်။ ရေရရှိရေးလုပ်ငန်းတွေ ဆောင်ရွက်နေပေမယ့် ရာသီဥတုနဲ့ မြေအောက်ရေ အခြေအနေအရ ရေရှားပါးမှုကြုံနိုင်တဲ့ အခြေအနေတွေကလည်း ရှိနေနိုင်ပါသေးတယ်။ ဒီလိုဖြစ်လာရင် အကူအညီတောင်းခံနိုင်ဖို့ ဖုန်းနံပတ်တွေကိုလည်း ဖြန့်ဝေထားပါတယ် ” ဟု ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊  မကွေးတိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က ပြောသည်။
        

စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းတွင် ဂါလန် (၂၄၀ဝ)ဆံ့ စင်မြင့်(ပေ ၂၀)ရေစင် ၊ ဂါလန် (၅၀ဝ၀)ဆံ့ အုတ်ရေကန်နှင့် ရေစက်ရုံတစ်ခုစီ ၊ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းတွင် ခြံစည်းရိုးခတ်ခြင်းနှင့် လက်နှိပ်တုံကင်တပ်ဆင်ခြင်း၊ လက်တူးတွင်း တူးဖော်ခြင်းလုပ်ငန်းတွင် ခြံစည်းရိုခတ်ခြင်းနှင့် လက်နှိပ်တုံကင်တပ်ဆပ်ခြင်း ၊ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းတွင် ရေတားတမံတည်ဆောက်ခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်း ၊ အခြားရေရရှိရေးလုပ်ငန်းတွင် ဂါလန် (၅၀ဝ၀)ဆံ့ အုတ်ရေကန်လုပ်ငန်းနှင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများ ပါဝင်ကြောင်း မှတ်တမ်းများအရ သိရှိရသည်။


ဇေယျတု(မကွေး)

 

123