နေပြည်တော် ၂၈ ဖေဖော်ဝါရီ
မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် မင်္ဂလာသီရီဟိုတယ်၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက စွမ်းရည်ပြည့်ဝသော လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနမှ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူများနှင့် လက်တွဲဆောင်ရွက် လျက်ရှိကြောင်း၊ လူတစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းဖြင့် ဆောင်ရွက်ရကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို တိတိကျကျ ကြိုတင်ဆောင်ရွက်ခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုများကို ဟန့်တားနှောက်နှေးစေနိုင်သည့်ကိစ္စများကို လျော့နည်းအောင် ကာကွယ်ခြင်းဖြစ်ကြောင်း၊ လူတစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် မသန်စွမ်းများနှင့် စပ်လျဉ်း၍ အစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းကော်မတီများ ပေါ်ပေါက်ခဲ့ပြီး မဟာဗျူဟာကို ရေးဆွဲနေပြီဖြစ်ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး ဦးစားပေးလုပ်ငန်း (၈)ချက်တွင် မသန်စွမ်းသူများအား ထောက်ပံ့ပေးခြင်း ပါဝင်ကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် ကလေးသူငယ်များ၏ ကြီးထွားမှုနှင့်ဖွံ့ဖြိုးမှုကို တိုင်းတာစစ်ဆေးပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့် မသန်စွမ်းမှုများကို လျော့ချနိုင်မည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရန် ပညာရပ်ကျွမ်းကျင်သူများ လိုအပ်ကြောင်း။
မသန်စွမ်းသူများအတွက် ပိုမိုထိရောက်သော ထောက်ပံ့မှုများနှင့် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးစသည့် အခွင့်အရေးတို့ကို ဖြည့်ဆည်းပေးနိုင်ရန် မသန်စွမ်း အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စာရင်းဇယားများ တိတိကျကျရရှိရန် အရေးကြီးကြောင်း၊ မသန်စွမ်းအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ကနဦးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် စမ်းသပ်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ ယနေ့ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း အစည်းအဝေးသည် မသန်စွမ်းသူများ၏ အခွင့်အရေးကို ဖော်ဆောင်ရာတွင် အရေးကြီးသည့် အစိတ်အပိုင်းကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဆွေးနွေးမှုများတွင် နိုင်ငံတကာ၏ အတွေ့အကြုံများကို လေ့လာပြီးသူများ၊ ကျွမ်းကျင်ပညာရှင်များ ပါဝင်ကြမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ချက်များ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန် ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ယူနီဆက်(မြန်မာ)မှ ဌာနေကိုယ်စားလှယ် Ms. June Kunugi က မသန်စွမ်းမှု အဆင့်သတ်မှတ် ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ ကျွမ်းကျင် ပညာရှင်များက ဦးဆောင်၍ ဖေဖော်ဝါရီ ၂၈ ရက်အထိ မသန်စွမ်းသူများ၏ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများ၌ တာဝန်ယူဆောင်ရွက်ရမည့် အခန်းကဏ္ဍများ၊ မသန်စွမ်းမှု အဆင့် စိစစ်သတ်မှတ်သည့်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း၊ မသန်စွမ်းသူများ အသင်းအဖွဲ့နှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်တို့ အပါအဝင် မသန်စွမ်းသူများအတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း၊ မှတ်ပုံတင်ကြီးကြပ်ရေးမှူး ရွေးချယ်ရန် စံနှုန်းများ၊ မှတ်ပုံတင်ကြီးကြပ်ရေးမှူး၏ တာဝန်များ၊ မှတ်ပုံတင်ကြီးကြပ်ရေးမှူးအတွက် လိုအပ်သော ပံ့ပိုးမှုများနှင့် မသန်စွမ်းသူများ မှတ်ပုံတင်လျှောက်ထားရန် လွှဲပို့ခြင်းနှင့် လုပ်ငန်းစဉ် အဆင့်ဆင့်တွင် မသန်စွမ်းသူများအတွက် လိုအပ်သော ပံ့ပိုးမှုများ ဆောင်ရွက်ပေးရန် စသည့် အချက်များကို ဆွေးနွေးကြသည်။
(သတင်းစဉ်)


