နေပြည်တော် ၂၈ ဖေဖော်ဝါရီ
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းထားရှိသော အာဆီယံပါလီမန်များ ညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီနှင့် နိုင်ငံတကာ ပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီတို့ကို ၂၀၁၆ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တစ်နှစ်လျှင်တစ်ကြိမ် နှစ်စဉ် သက်တမ်းတိုးမြှင့် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် နိုင်ငံတကာ ပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီအဖွဲ့ဝင် မန်တုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုး အစား မြောင်းမြမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူ အားလည်းကောင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဝင်းကိုကို အစား တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဇော်ဝင်းအားလည်းကောင်း ပြောင်းလဲတာဝန်ပေးအပ် ခြင်းကို လွှတ်တော်သို့ တင်ပြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နယက က အဆိုပါ ပူးပေါင်းကော်မတီနှစ်ခု၏ သက်တမ်းကို ၂၀၁၉ခုနှစ် မတ် ၁ ရက်မှစ၍ သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ခြင်းနှင့် နိုင်ငံတကာ ပါလီမန်များအဖွဲ့ ဆိုင်ရာ ပူးပေါင်းကော်မတီအဖွဲ့ဝင် နှစ်ဦး ပြောင်းလဲတာဝန်ပေးအပ်ခြင်းတို့ကို အတည်ပြုရန် လွှတ်တော်၏ သဘောတူညီချက်ရယူရာ သဘောမတူသူ မရှိသည့်အတွက် လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို ၂၀၁၆ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တစ်နှစ်လျင်တစ်ကြိမ် နှစ်စဉ် သက်တမ်းတိုးမြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မရှင်အတွက် နောက်ထပ်တစ်နှစ်သက် တမ်းထပ်မံတိုးမြှင့်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာ မူကြမ်းကိုလည်း လွှတ်တော်ကိုယ်စားလှယ်များထံ ကြိုတင်ဖြန့်ဝေထားပါကြောင်း လွှတ်တော်သို့ တင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ကော်မရှင်အတွက် ၂၀၁၉ခုနှစ် မတ် ၁ ရက်မှ စ၍ နောက်ထပ် သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ခြင်းကို အတည်ပြုရန် လွှတ်တော်၏ သဘောတူညီချက်ရယူရာ သဘောမတူသူရှိသည့်အတွက် စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၂၀ မဲ၊ ကန့်ကွက် မဲ ၅၅၅ မဲ၊ ကြားနေမဲ ၁၀မဲ ဖြစ်၍ ကန့်ကွက်ဆန္ဒမဲ များသဖြင့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် သက်တမ်း တစ်နှစ် ထပ်မံတိုးမြှင့်ခြင်းကို လွှတ်တော်က အတည်မပြုကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်း က နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော တီထွင်မှု မူပိုင်ခွင့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးဇော်ဝင်းက လွှတ်တော် နှစ်ရပ် သဘောကွဲလွဲသော လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြရာတွင် ဥပဒေကြမ်းပူးပေါင်းကော်မတီသည် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်များအပြင် လွှတ်တော်နှစ်ရပ်က အတည်ပြုခဲ့သည့် ဥပဒေကြမ်းအပေါ် တွင်လည်း ထပ်မံလေ့လာစိစစ်ခဲ့ရာ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၈ အရ ဖြည့်စွက် အကြံပြုချက်အနေဖြင့် ဥပဒေကြမ်း၏ အပိုဒ် ၃ အပိုဒ်ခွဲ (ဂ)ကို ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ အသစ်ပြင်ဆင်ချက်အတိုင်း အတည်ပြု ပြဋ္ဌာန်းသင့်သည်ကို လေ့လာတွေ့ရှိရပါကြောင်း။
သို့ဖြစ်ပါ၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၂ နှင့်အညီ ဥပဒေကြမ်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၃၊ နည်းဥပဒေခွဲ(ဂ)နှင့်အညီ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်များနှင့် တိုက်ရိုက်သက်ဆိုင် သည့် ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံ-ဟောင်ကောင် (တရုတ်) လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ် အသက်ဝင်ရေးအတွက် အတည်ပြုကြောင်း အသိပေးအကြောင်းကြားစာကို စာချုပ်ဝင်နိုင်ငံအားလုံးသို့ ပေးပို့ရန် ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) မှ ဦးအေးမင်းဟန် က ယခုသဘောတူ စာချုပ်သည် မြန်မာနိုင်ငံနှင့် ဟောင်ကောင်အကြား Trade Balance ကွာဟမှုမရှိခြင်းကြောင့် မြန်မာနိုင်ငံအတွက် ဆိုးကျိုးနည်းပြီး ကောင်းကျိုးပိုများစေပါကြောင်း၊ သို့သော် သယံဇာတ အမျိုးအစားများ ပါဝင်ပတ်သက်၍ ကန့်သတ်ထားမှုများ ရှိသင့်ပါကြောင်း၊ အဆိုပါ ကန့်သတ်ချက်များအပေါ် အခြေခံ၍ မြန်မာနိုင်ငံအနေဖြင့် သင့်လျော်သည့် ကုန်ပစ္စည်းများကို ထုတ်လုပ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကန့်သတ်ချက်များအပေါ် အခြေခံ၍ ကုန်ထုတ်လုပ်ငန်းများကို လုပ်ဆောင်နိုင်မှသာ အထူးထုတ်ကုန် ဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အထူးထုတ်ကုန်ကို အခြေခံသည့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်မှသာ ထုတ်လုပ်မှုကုန်ကျစရိတ်လျော့နည်းလာမည် ဖြစ်ပြီး ကုန်ထုတ်စွမ်း အားလည်းမြင့်တက်လာမည် ဖြစ်ပါကြောင်း၊ သို့မှသာ လွတ်လပ်သောကုန်သွယ်မှုကို ဖော်ဆောင်သည့်အချိန်တွင် အခြားနိုင်ငံ များနှင့် ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါကြောင်း၊ လွတ်လပ်သောကုန်သွယ်မှုကို စိန်ခေါ်နိုင်ရန်အတွက် မိမိတို့ နိုင်ငံအနေဖြင့် သယံဇာတ အမျိုးအစားများကို ကန့်သတ်၍ အထူးထုတ်ကုန်ကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း ထောက်ခံဆွေးနွေး သည်။
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) မှ ဦးသန်းစိုး(ခေါ်)သန်းစိုး (ဘောဂဗေဒ)နှင့် ရွှေကူမဲဆန္ဒနယ်မှ ဦးဇာနည်မင်း တို့က ဆက်လက်ဆွေးနွေးကြသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် အဆိုပါ စာချုပ်အသက်ဝင်ပြီးပါက စာချုပ်ဝင်နိုင်ငံများအကြား နိုင်ငံ(၁၀)နိုင်ငံ စုစည်းထားသော ဈေးကွက်တစ်ခုဖြစ်သည့် အာဆီယံနှင့် ကမ္ဘာ့ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အင်အားကြီးနိုင်ငံတစ်ခု ဖြစ်သည့် ဟောင်ကောင်(တရုတ်)တို့အကြား စီးပွားရေး ဆက်သွယ်မှုကို ပိုမိုခိုင်မာစေမည့် စာချုပ်တစ်ခုဖြစ်သည့်အတွက် ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှု များနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ပိုမိုရရှိစေနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ဟောင်ကောင်(တရုတ်)တို့အကြား ကုန်စည်နှင့် ဝန်ဆောင်မှုကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတို့တွင် အကျိုးကျေးဇူးများ ရရှိစေနိုင်မည့်အပြင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု များကို ပိုမိုမြှင့်တင်နိုင်ပြီး ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးကို အထောက်အကူ ပြုနိုင်မည်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံနှင့် ဟောင်ကောင် (တရုတ်) တို့အကြား အပြန်အလှန် ကုန်သွယ်မှုများ ပိုမိုတိုးတက်လာစေနိုင်ပြီး မြန်မာနိုင်ငံ၏ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အကျိုးကျေးဇူးများ ရရှိနိုင်စေမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ လိုက်ပါဆောင် ရွက်နိုင်ရန်အတွက် အာဆီယံ-ဟောင်ကောင်(တရုတ်) လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီမှု စာချုပ်အတွက် အတည်ပြုကြောင်း အကြောင်းပြန်ကြားစာအား အာဆီယံ အတွင်းရေးမှူးရုံးသို့ ပေးပို့နိုင်ရန် လွှတ်တော်၏ အတည်ပြုချက် ရယူပေးပါရန် ရှင်းလင်းတင်ပြအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံ-ဟောင်ကောင်(တရုတ်) ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်အား အတည်ပြုရန် ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ က မြန်မာနိုင်ငံအနေဖြင့် အာဆီယံ-ဟောင်ကောင် (တရုတ်) ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်ကို အကောင်းဆုံး အသုံးချပြီး နိုင်ငံသားများ၊ အထူးသဖြင့် အလုပ်အကိုင်ရှားပါးသည့် မိမိတို့ ရခိုင်ပြည်နယ် အပါအဝင် တိုင်းရင်းသား ဒေသများတွင်လည်း ရင်းနှီးမြှုပ်နှံမှု ပိုမိုရရှိစေရန် ကြိုးပမ်းဆောင်ရွက်သင့်သည်ကို တိုက်တွန်းလိုပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ အရေးအကြီးဆုံး စီးပွားရေးကဏ္ဍဖြစ်သည့် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များ အဆင့်မြှင့် ထုတ်လုပ်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု များကို အောင်အောင်မြင်မြင် ဖိတ်ခေါ်ရန်သင့်ကြောင်းကို သက်ဆိုင်ရာသို့ အထူးအလေးအနက်ထား တိုက်တွန်းလိုပါကြောင်း ဆွေးနွေးသည်။
လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို က ဟောင်ကောင်သည် တရုတ်နိုင်ငံ၏ သီးခြားအုပ်ချုပ်ခွင့်ရ နယ်မြေ ဖြစ်ပြီး ဒီမိုကရေစီရင့်ကျက်၍ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် ကောင်းမွန်သည့် နယ်မြေဖြစ်ပါကြောင်း၊ နိုင်ငံခြားကုန်သွယ်ဘက် နိုင်ငံအများအပြား ရှိသောနေရာဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် အာဆီယံ နိုင်ငံများအတွက် အထောက်အကူများစွာ ပေးနိုင်ပါကြောင်း၊ ဟောင်ကောင်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခြင်းဖြင့် မြန်မာနိုင်ငံအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများစွာ တိုးတက်လာနိုင်သကဲ့သို့ ကုန်သွယ်မှုကဏ္ဍတွင်လည်း များစွာတိုးတက်လာ နိုင်မည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိကာလအထိ ကုန်သွယ်ရေးကဏ္ဍတွင် ကုန်သွယ်မှု လိုငွေအမြဲဖြစ်နေ သည့်အတွက် ပိုု့ကုန်မြှင့်တင်နိုင်ရန် လိုအပ်မည်ဖြစ်ပြီး သွင်းကုန်နှင့် ပို့ကုန်အလွန်အမင်း ကွာဟမှု မဖြစ်စေရန် သတိထားရန်လည်း လိုအပ်ပါကြောင်း၊ ယခု စာချုပ်စည်းကမ်းများအရလည်း မိမိနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ဝင်လာသည့်အခါ နိုင်ငံ၏ အခြေအနေအရ မငြိမ်သက်မှု၊ စစ်မက် ဖြစ်ပွားမှုကြောင့် ရင်းနှီးမြှုပ်နှံလာသူများ၏ ဆုံးရှုံးနစ်နာမှုများ မဖြစ်စေရန်လည်း ဂရုပြုဆောင်ရွက် ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့မှသာ နိုင်ငံအတွက် နစ်နာဆုံးရှုံးမှုများကို ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း၊ အဆိုပါ စာချုပ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုလာနိုင်မည် ဖြစ်သောကြောင့် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုလက်မှတ်ရေးထိုးမှုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ရွှေကူမဲဆန္ဒနယ်မှ ဦးဇာနည်မင်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးသန်းစိုး (ခေါ်) သန်းစိုး(ဘောဂဗေဒ)နှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁)မှ ဦးကျော်သောင်းတို့က ဆက်လက်ဆွေးနွေးကြသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ယင်းသဘောတူစာချုပ်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဟောင်ကောင်(တရုတ်) တို့အကြား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေး ရည်ရွယ်လျက် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဖြေလျော့မှုပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုများကို လျင်မြန်ချောမွေ့စေခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းတို့အပေါ် အခြေပြုရေးဆွဲထားခြင်း ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းစဉ်များတွင် အဓိကဖိတ်ခေါ်မည့် နိုင်ငံများ၌ ဟောင်ကောင် ပါဝင်လျက်ရှိရာ အာဆီယံ-ဟောင်ကောင်(တရုတ်) ရင်း နှီးမြှုပ်နှံမှု သဘောတူစာချုပ် ကို လက်မှတ်ရေးထိုး အတည်ပြုခြင်းအားဖြင့် မိမိတို့၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး လုပ်ငန်းများကို များစွာအထောက်အကူပြုစေမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့်အတူ လိုက်ပါဆောင်ရွက်နိုင်ရန်အတွက် အာဆီယံ-ဟောင်ကောင်(တရုတ်) ရင်းနှီးမြှုပ်နှံမှု သဘောတူညီမှုစာချုပ် အသက်ဝင်စေရေးအတွက် အတည်ပြုကြောင်း အကြောင်း ပြန်ကြားစာအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့နိုင်ရန်အတွက် လွှတ်တော်၏ အတည် ပြုချက် ရယူပေးပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နယက က အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ ကို မတ် ၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မော်၊ အေးအေးသန့် (သတင်းစဉ်)


