နေပြည်တော် ၂၈ ဖေဖော်ဝါရီ
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်း တို့သည် ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံကြသည်။
ထိုသို့တွေ့ဆုံစဉ် ဝန်ကြီးဌာနက မြန်မာနိုင်ငံအတွင်းရှိ ဖွံ့ဖြိုးမှုနောက်ကျကျန်နေခဲ့သည့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ပေးနေမှု၊ နယ်စပ်ဒေသ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ ဘိန်းအစားထိုး စိုက်ပျိုး မွေးမြူရေးလုပ်ငန်းဆိုင်ရာများ၊ နိုင်ငံတော်အစိုးရမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
(သတင်းစဉ်)


