မိုးကောင်း ၂၈ ဖေဖော်ဝါရီ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မရမ်းကျေးရွာ၌ ဖေဖော်ဝါရီ ၁၇ ရက်က မိုးသီးများကြွေကျကာ အိမ်အမိုးများ ပေါက်ပြဲပျက်စီးခဲ့သည့် မိသားစုများသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် သိန်း ၃၀ဝ ကျော် တန်ဖိုးရှိ သွပ်ပြားများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက အဆိုပါ ကျေးရွာရှိ ကက်သလစ်ဘုရားကျောင်းတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းက အမှာစကားပြောကြားကာ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာက မိုးသီးဒဏ်သင့် မိသားစုဝင်များအား အိမ်မိုးသွပ်ပြားများ ထောက်ပံ့ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက မရမ်းကျေးရွာရှိ မိုးသီးဒဏ်သင့်ခဲ့သည့် အိမ်ခြေ ၃၄၂ အိမ်အတွက် ငွေကျပ် ၃၀၇၈၀ဝ၀ဝ တန်ဖိုးရှိ MEC အမျိုးအစား ခုနစ်ပေသွပ် ၆၈၄၀ ချပ်အား ပေးအပ်လှူဒါန်းရာ ကျေးရွာသားများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနော်လောဒ့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အခမ်းအနားသို့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခင်မောင်မြင့်(ခ) ဦးဒိတ်၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်း၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာ၊ မိုးကောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်အောင်နှင့် ကျေးရွာနေ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


