ရန်ကုန် ၂၈ ဖေဖော်ဝါရီ
လူဦးရေ(၆၀ဝ)ဝန်းကျင်ခန့် တစ်ပြိုင်နက်တည်း ကြည့်ရှုနိုင်မည့် ရွှေရတနာ ရုပ်ရှင်ရုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ၁၀ ရပ်ကွက်၊ အနော်ရထာလမ်း၊ အမှတ် (၂၂၀/၁)တွင် ကျင်းပသည်။
ရုပ်ရှင်ရုံသစ် ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်မောင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး သည်။
ရုပ်ရှင်ရုံသစ် ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရွှေရတနာရုပ်ရှင်ရုံပိုင်ရှင် ဦးထွန်းလင်း က ဒဂုံမြို့သစ်အရှေ့ပိုင်းမှာ အဆင့်မြင့် ရုပ်ရှင်ရုံလေးတစ်ရုံ ဖြစ်စေချင်တဲ့ စိတ်နဲ့ အများပြည်သူကို မြို့ထဲမှာရှိတဲ့ ကားတွေနဲ့ တစ်ပြိုင်တည်းပြနိုင်အောင် ရုပ်သံပိုင်းဆိုင်ရာ အကုန်လုံးကို ကောင်းကောင်းမွန်မွန် ကြည့်ရှုလို့ရအောင် ကြိုးစားပြီး လုပ်ထားပါတယ်။ ရုံတင်ပြသမယ့် ဇာတ်ကားတွေကတော့ မြို့ထဲက ရုံကြီးတွေ ပြသတဲ့ အတိုင်း ပြသသွားမှာဖြစ်ပါတယ် ဟု ပြောသည်။
ရွှေရတနာရုပ်ရှင်ရုံတွင် (3D၊ 4K Digital ) Cinema-1 ၊ (2K Digital) Cinema -2 ၊ Cinema - 3 ဟူ၍ သုံးရုံရှိပြီး တစ်ရုံလျင် တစ်ယောက်ထိုင်ခုံ (၁၇၀) လုံး၊ နှစ်ယောက်တွဲထိုင်ခုံ (၉)လုံး ပါရှိပြီး လူဦးရေ ၁၈၈ ယောက် ကြည့်ရှုနိုင်ကြောင်း သုံးရုံတွင် လူဦးရေ ၆၀ဝ ဝန်းကျင်ခန့် တစ်ပြိုင်နက်တည်း ကြည့်ရှုနိုင်ကြောင်း သိရသည်။
ရုပ်ရှင်လက်မှတ်နှုန်းထားများကို ကျပ် ၁၀ဝ၀ ၊၂၀ဝ၀ ၊ ၃၀ဝ၀ ၊ ၄၀ဝ၀ သတ်မှတ်ထားပြီး ပွဲစဉ်များအနေဖြင့် နံနက် ( ၁၀ ) နာရီမှ ည(၈) နာရီခွဲအထိ တစ်နေ့လျှင် (၄)ပွဲ ပြသသွားမည်ဖြစ်ပြီး စနေ၊တနင်္ဂနေနေ့များတွင် တစ်နေ့လျှင် (၅)ပွဲပြသသွားမည် ဖြစ်ကြောင်း သိရသည်။
ရုပ်ရှင်ရုံသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် သရုပ်ဆောင် မင်းရာဇာက ရုပ်ရှင်ရုံတွေများလာရင် ပြည်တွင်းဈေးကွက် ဖွံ့ဖြိုးလာမယ်။ ရုပ်ရှင်ရိုက်တဲ့သူတွေရော ရုပ်ရှင်လောကနဲ့ဆက်နွယ်သူတွေရော အဆင်ပြေလာမယ်။ မြန်မာကားတွေကိုလည်း ပရိသတ် ကောင်းကောင်း မွန်မွန် ကြည့်ပြီး အားပေးလို့ရလာမယ်။
အခုနောက်ပိုင်း ရုပ်ရှင်ရုံပြန်ကြည့်တဲ့လူငယ်တွေများလာပြီ။ ရုပ်ရှင်ကိုပြန်အားပေး လာကြတယ်။ ရုပ်ရှင်ခေတ်ပြန်ကောင်းမှ ကျွန်တော်တို့ အနုပညာကို ချပြခွင့် ရမှာဖြစ်ပါတယ် ဟု ပြောသည်။
ထို့အတူ သရုပ်ဆောင်နန်းဆုဦး က ရုပ်ရှင်ရုံတွေများလာတာဝမ်းသာစရာပါ။ ရုပ်ရှင်ရုံတွေ များလာတော့ ပရိတ်သတ်တွေအနေနဲ့လည်း ကိုကြည့်ချင်တဲ့ ဇာတ်ကားတွေ ရွေးချယ်လို့ရသွားတယ်။ အခုဒီမှာဆို သုံးရုံရှိတယ်။ ကိုယ်ကြည့်ချင်တဲ့ ဇာတ်ကားတွေ ရွေးချယ်လို့ရသွားတယ် ဟု ပြောသည်။
မြန်မာ့ရုပ်ရှင်ဇာတ်ကားထုတ်လုပ်မှုမှာ ၂၀၁၄ ခုနစ်တွင် ဇာတ်ကား(၉)ကား၊ ၂၀၁၅ ခုနစ်တွင်(၃၂)ကား၊ ၂၀၁၆ ခုနစ်တွင် (၉၈)ကား၊ ၂၀၁၇ ခုနစ်တွင် (၁၅၈)ကား နှင့် ၂၀၁၈ခုနှစ်တွင် (၁၃၃)ကား အထိ တိုးတက် ထုတ်လုပ်လာနိုင်ခဲ့သည်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားများကို ပြသရန် ရုပ်ရှင်ရုံများကိုလည်း တိုးချဲ့တည် ဆောက်လျက်ရှိပြီး ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲဆောင်ရွက်လျက် ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရုပ်ရှင်ရုံများတိုးချဲ့ဖွင့်လှစ်နိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့်လည်း ချိတ်ဆက်စီမံဆောင်ရွက်ပေးလျက်ရှိရာ မြန်မာတစ်နိုင်ငံလုံး၌ ၂၀၁၃ ခုနစ်တွင် ရုပ်ရှင်ရုံ(၁၉) ရုံ၊ ပိတ်ကား(၁၉)ခု ရှိခဲ့ရာမှ ယခုအခါ ရုပ်ရှင်ရုံ (၁၂၆)ရုံ ၊ ပိတ်ကား(၁၄၇)ခုအထိ တိုးတက် ဖွင့်လှစ်လာနိုင်ခဲ့သည်။
ဒါရိုက်တာကိုပေါက် က မြန်မာနိုင်ငံမှာက ရှိတဲ့လူဦးရေနဲ့ဆိုရင် ရုပ်ရှင်ရုံတွေက အများကြီးလိုအပ်နေသေးတယ်။ အခုလို ရုပ်ရှင်ရုံတစ်ရုံပြီးတစ်ရုံ ဖွင့်လာတော့ ထုတ်လုပ်သူတွေအနေနဲ့လည်း အရင်ကထက် ဝင်ငွေတွေပိုရမယ်။ ဝင်ငွေပိုရလာတဲ့ အတွက် ရုပ်ရှင်ဇာတ်ကားထုတ်လုပ်တဲ့ အချိန်မှာလည်း ဇာတ်ကားအတွက်သုံးရမယ့် ငွေကိုလည်း ပိုပြီးသုံးနိုင်လာမယ်။ မြောက်ဒဂုံတို့ ဒဂုံအရှေ့တို့မှာနေတဲ့သူတွေဆို ရုပ်ရှင်ကြည့်ချင်ရင် မြို့ထဲသွားကြည့်ရတယ်။ ဒီမြို့နယ်မှာရှိတဲ့ ပရိတ်သတ်တွေ အတွက်လည်း ရုပ်ရှင်ရုံတွေရှိလာတဲ့အတွက် ကိုယ်နဲ့အနီးဆုံးမှာ ကြည့်လို့ရသွားတယ် ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့် ရုပ်ရှင်စတူဒီယိုများ မွမ်းမံပြင်ဆင်ပေးခြင်း၊ ရုပ်ရှင်အတတ်ပညာနှင့် နည်းပညာများ ဆွေးနွေးတိုင်ပင်နိုင်မည့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စင်တာတွင် အလုပ်ရုံ ဆွေးနွေးပွဲများ၊ ဇာတ်ညွှန်းနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများကို လစဉ်ကျင်းပ ပေးလျက်ရှိပြီး မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့ကျင့်သင်ကြားခြင်း၊ အချင်းချင်း ဆွေးနွေး တိုင်ပင်ခြင်းများကိုလည်း ဆောင်ရွက်ပေး လျက်ရှိသည်။
(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-ရဲထွဋ်)


