နေပြည်တော် ၂၈ ဖေဖော်ဝါရီ
မြန်မာနိုင်ငံစီမံကိန်း (Country Programme ၂၀၁၄-၂၀၁၉) အကောင်အထည်ဖော်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး စုစည်းခန်းမတွင် ကျင်းပသည်။
အစည်းအဝေးသို့ စီမံကိန်းအကောင်အထည်ဖော်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီဥက္ကဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ်(၂)၊ ပြည်ထောင်စုတရားလွတ်တော်ချုပ်ရုံး၊ ဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့မှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) ၏ မြန်မာနိုင်ငံဆိုင်ရာ Country Manager Mr. Troels Vester နှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံစီမံကိန်း၏ လုပ်ငန်းနယ်ပယ် ၅ ရပ် ဖြစ်သော နိုင်ငံဖြတ်ကျော်ဂိုဏ်းဖွဲ့ကျူးလွန်မှုများနှင့် တရားမဝင်ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ပြစ်မှုဆိုင်ရာတရားစီရင်ရေး၊ မူးယစ်ဆေးဝါး နှင့်ကျန်းမာရေး၊ ရှေရှည်တည်တံ့သည့် အသက်မွေးဝမ်းကျောင်းနှင့် ဖွံ့ဖြိုးရေးတို့နှင့်စပ်လျဉ်း၍ ၂၀၁၈ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် အချက်များ၊ အားနည်းချက်/ အားသာချက်များကို ရှင်းလင်းဆွေးနွေးကြပြီး ၂၀၁၉ ခုနှစ်တွင် ဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးကြသည်။
(သတင်းစဉ်)


