မန္တလေး ၁ မတ်
မြေလွတ်မြေလပ်/မြေရိုင်းဥပဒေနှင့် စိုက်ပျိုးလုပ်ကိုင်ခွင့် ရယူထားပြီး စိုက်ပျိုးစည်းကမ်းနှင့်မညီသော ခေတ်သစ် သ/မ မြေဧက ၅၁၀ ဧကအား စိုက်ပျိုးလုပ်ကိုင်ခွင့် ပယ်ဖျက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက ပြောသည်။
၂၀၁၂ ခုနှစ်၊ မြေလွတ်မြေလပ်/မြေရိုင်းဥပဒေနှင့် စိုက်ပျိုးလုပ်ကိုင်ခွင့် ရယူထားပြီး စိုက်ပျိုးစည်းကမ်းနှင့် မညီသော ခေတ်သစ် သ/မ မြေဧက ၅၁၀ အား စိုက်ပျိုးလုပ်ကိုင်ခွင့် ပယ်ဖျက်ပေးရန် အစီအစဉ်ရှိ/မရှိ ပြင်ဦးလွင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။
"၂၀၁၉ ခုနှစ်၊ မတ်လတွင် စိုက်ပျိုးရာသီကုန်ဆုံးမှာဖြစ်ပြီး အထူးအဖွဲ့အနေဖြင့်လည်း ထပ်မံ၍ စိစစ်နေပြီဖြစ်ကြောင်း၊ ၂၀၁၉ မတ်လကုန်သည့်အချိန်မှာ မြေလွတ် ၊ မြေလပ် ၊ မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ပြန်လည်တင်ပြ၍ ပယ်ဖျက်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းကပြောသည်။
မြေလွတ်၊ မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊သက္ကံချိုင်း-သပြေကုန်းကျေးရွာအုပ်စုရှိ ဧရိယာ ၅၁၀ ဧကအား ၂၀ဝ၉ ခုနှစ် သြဂုတ်လ ၁၈ ရက်က ခေတ်သစ်လယ်မြေနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်ကို ၂၀ဝ၉ မှ ၂၀၃၉ အထိ နှစ်ရှည်သီးနှံ(ကော်ဖီ) စိုက်ပျိုးလုပ်ကိုင်ခွင့် ချထားပေးသော မြေနေရာဖြစ်သည်။
ခေတ်သစ် သ/မအသင်းသို့ လုပ်ကိုင်ခွင့်ပြုခဲ့သည့် မြေဧရိယာ ၅၁ဝ ဧကအား မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုအခြေအနေအား၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် ပြင်ဦးလွင်မြို့နယ် မြေ/ပြန်စစ် ကော်မတီက စိစစ်ခဲ့သည်။ စိစစ်ချက်အစီရင်ခံစာအရ ခေတ်သစ် သ/မအသင်း လုပ်ကိုင်ခွင့်ပြုခဲ့သည့် ဧရိယာဖြင့် ၅၁ဝ ဧကအတွင်း၌ စိုက်ပျိုးမွေးမြူပြီးဧရိယာမှာ ၁၆၂ ဧကဖြစ်ကြောင်း၊ စိုက်ပျိုးအသုံးပြုရန် ကျန်ဧရိယာမှာ ၃၄၈ ဧကဟု ဖော်ပြထားပြီး ကော်ဖီပင်၊ ပင်လယ်အုန်းပင် (ခါတော်မှီပင်)များ စိုက်ပျိုးထားသည်ဟု တွေ့ရှိရကြောင်း၊ နှစ်ရှည်ပင်များကိုလည်း စိုက်ပျိုးထားကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃ ရက်က ပြင်ဦးလွင်ခရိုင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့်ရရှိသူများအား ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေများ နည်းဥပဒေပါ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက် လုပ်ကိုင်မှု ရှိ/မရှိ စိစစ်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည်။
အဆိုပါအဖွဲ့၏ စိစစ်ချက်အရ ၊ ခေတ်သစ် သ/မ သည် ၁၆၂ ဧကကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ကျန်ဧရိယာ ၃၄၈ ဧကမှာ တောင်သူများ ဝင်ရောက်ကျူးကျော် လုပ်ကိုင်လျက်ရှိသည့်အတွက် ကျူးကျော်တောင်သူများအား တရားစွဲဆိုထားသည်ဟု စိစစ်တွေ့ရှိရကြောင်း သိရသည်။
ခေတ်သစ် သ/မကို ၂၀၁၉ ခုနှစ် စိုက်ပျိုးရာသီကုန်အထိ သက်တမ်းတိုး ခွင့်ပြုချက်ရရှိထားကြောင်း၊ ခွင့်ပြုချက်မှာလည်း တိကျစွာ ရေးသားထားခြင်းမရှိကြောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ် စိုက်ပျိုးရာသီကုန်အထိ ဆက်လက် စိုက်ပျိုးခွင့်ပြုခဲ့ကြောင်း၊ စိုက်ပျိုးရာသီ မည်သည့်လဖြစ်ကြောင်း စိစစ်သည့်အခါ ၂၀၁၉ ခုနှစ် မတ်လတွင် ကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်


