ညောင်ဦး ၁ မတ်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုလင်းကျေးရွာအနောက်ဘက်ကပ်လျက် ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းဝင်းအတွင်းရှိ ဆင်များအား ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များမှ ဆင်စာဘူဖေးကျွေးမှုများပြားလာနေကြောင်း ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုထံက သိရသည်။
အဆိုပါ ပလင်းကမ်းသာယာဆင်စခန်းသည် ညောင်ဦးမြို့မှငါးမိုင်အကွာ ညောင်ဦး-မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေးတွင် ဖွင့်လှစ်ထားရှိကာ ကားလမ်းမှဆင်စခန်းဝင်းသို့ နှစ်ဖာလုံခန့်ဝင်သွားလျှင် ပလင်းကမ်းသာယာဆင်စခန်းသို့ ရောက်ရှိကာ ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် တစ်ခုတည်းသော ဆင်စခန်းဖြစ်သည်။ ဆင်စခန်း စတင်ဖွင့်လှစ်စဉ်က ဆင်ခြောက်ကောင်သာ ရှိသော်လည်း လာရောက်လည်ပတ်သူများလာခြင်းကြောင့် ဆင်နှစ်ကောင် ထပ်မံရောက်ရှိလာပြီး ယခုအခါ ဆင်ရှစ်ကောင်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။
ဆင်များစားသုံးရန်အတွက် နေပီယာ မြက်ခင်း၊ ငှက်ပျောခြံ၊ ကြံ၊ ပြောင်းဖူးခင်းများ စိုက်ပျိုးထားရှိပေးကာ စိုက်ခင်းရှိ ဆင်စာများကုန်သွားချိန်တွင် ဒေသခံများ စိုက်ပျိုးထားသည့် ကြံ၊ ငှက်ပျော၊ ပြောင်းဖူး၊ ကိုင်းမြက်များ ဝယ်ယူကျွေးလေ့ရှိကြောင်းနှင့် ဆင်စခန်းဝင်းအတွင်းရှိ ဆင်စာအရောင်းဌာနတွင် ဆင်စာဝယ်ကျွေးနိုင်အောင် စီစဉ်ရောင်းချပေးကြောင်း သိရသည်။
လာရောက်လည်ပတ်သည့် ပြည်တွင်းပြည်ပ ခရီးသွားများသည် ဆင်စာဝယ်ကျွေးရာတွင် ရောင့်ရဲတင်းတိမ်မှုမရှိဘဲ ဆင်များအားဘူဖေးကျွေးချင်ကြောင်းပြောရာမှ ဆင်များစားသုံးရန် သံဖရိန်ဖြင့် စင်တစ်ခုပြုလုပ်ကာ ဆင်စာ ဘူးဖေးစတင်ကျွေးမွေးခဲ့ကြောင်း ဆင်ရှစ်ကောင် တစ်ခါဘူဖေးကျွေးလျှင် ငါးသောင်းကျပ်သတ်မှတ်ပြီး နှစ်ခါအတွက် ကျပ်တစ်သိန်းသတ်မှတ်ကာ ကျွေးမွေးနေကြောင်း သိရသည်။ ပလင်းကမ်းသာယာဆင်စခန်းတွင် ဆင်စာဘူဖေးကျွေးခြင်းများ ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီးသွားများပါ သဘောကျနှစ်ခြိုက်လာကြပြီး ဘူဖေးကျွေးမွေးလာရာ ဆင်စခန်းတွင် ဘူဖေးကျွေးခြင်း အကြိမ်(၂၀)ကျော်သွားပြီဖြစ်ကြောင်း ဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကိုက ပြောပြသည်။
ဆင်စာဘူဖေးကျွေးရာတွင် သံဖရိန်ဖြင့်ပြုလုပ်ထားသည့် စင်မြင့်ပေါ်တွင် ဖရဲသီး၊ သခွားမွှေးသီး၊ ဖီးကြမ်းငှက်ပျောသီး၊ ကြံ၊အုန်းသီး၊ နေပီယာမြက်၊ ကိုင်းမြက်၊ ပြောင်းဖူး၊ သရက်သီး၊ ဇီးသီးများအား ဆင်စာကျွေးဖို့ပြင် ဆင်ထားသည့် စင်ပေါ်တွင် အလှဆင်ကာ ဘူဖေးကျွေးမွေးခြင်းဖြစ်သည်။ အချို့သောသစ်သီးများသည် ရာသီပေါ်ချိန် အသီးများပါ ကျွေးမွေးနိုင်အောင် စီစဉ်ပေးထားခြင်းဖြစ်သည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


