ဒေါက်တာလပြည့်ခင်
ယခုနှစ်ပိုင်း နိုင်ငံပိုင်သတင်းစာများ၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၊ စိတ်ကြွဆေးများ ဖမ်းဆီးရမှုသတင်းများကို နေ့စဉ်နှင့်အမျှ တွေ့မြင်ကြားသိနေရပြီး မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၏ ၂၀၂၃ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာအရ နိုင်ငံတစ်ဝန်း၌ မူးယစ်ဆေးဝါး အမှုပေါင်း ၆၅၃၉ မှု၊ တရားခံ ၈၈၅၃ ဦးနှင့် စုစုပေါင်း တန်ဖိုးငွေကျပ် ၁၀၅၇၇၆၃ ဒသမ ၁၉၉၃၄ သန်း (အမေရိကန်ဒေါ်လာ ၅၀၃ ဒသမ ၆၉၆ သန်း) တန်ဖိုးခန့် ဖမ်းဆီးရမိနေကြောင်း၊ ရှမ်းပြည်နယ်ရှိခရိုင် လေးခုမှ အဓိကပါဝင်နေပြီး စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမှုမှာ အများဆုံးဖြစ်ကြောင်းနှင့် ၂၀၁၆ ခုနှစ်မှ လက်ရှိအချိန်အထိ ရှမ်းပြည်နယ်မှထုတ်လုပ်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများနှင့် စိတ်ကြွဆေးများကို ရခိုင်ပြည်နယ်သို့ ကုန်းလမ်းမှသယ်ယူပို့ဆောင်ပြီး ပြည်ပသို့ ရေလမ်းခရီးပို့ဆောင်၍ ဖြန့်ဖြူးရောင်းချနေသည့် မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု ၁၀ ကြိမ်အတွင်း ကျပ်သန်း ၂၉၄ ဒသမ ၁၂ ဘီလီယံ (အမေရိကန် ဒေါ်လာသန်း ၁၄၀၀ ကျော်) ရှိကြောင်း၊ လူမသိသည့် သာမန်မီးဖိုချောင်တစ်ခုမှအစပြု၍ ဓာတုဆေးဝါး ပစ္စည်းမျိုးစုံနှင့် ရောစပ်ပြီး ဆေးပြားရိုက်စက်ကို အသုံးပြုကာ စိတ်ကြွဆေးများ အလွယ်တကူထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေကြောင်းများလည်း ကြားသိနေရသောကြောင့် ဤမကောင်းဆိုးဝါး မူးယစ်ဆေးဝါးများနှင့် ယင်းတို့ကိုပြုလုပ်နိုင်သည့် အန္တရာယ်ရှိဓာတုပစ္စည်းများ (Hazardous Chemicals) အကြောင်းကို အများပြည်သူ သိရှိ ရှောင်ရှားနိုင်စေရန်အတွက် ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် (၃၇)နှစ်မြောက် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့”အထိမ်း အမှတ်အခမ်းအနားကို ဂုဏ်ပြုကြိုဆိုလျက် ဤဆောင်းပါးကို အကျယ်တဝင့်ရေးသားဖော်ပြရခြင်းဖြစ်ပါသည်။ အဓိကဦးတည်ချက်ဖြစ်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၊ စိတ်ကြွဆေးများ အကြောင်း မတင်ပြမီ အဆိုပါကိစ္စများကိုအဓိကကိုင်တွယ်ထိန်းသိမ်း ဖြေရှင်းဆောင်ရွက်နေရသော တာဝန်အရှိဆုံးအဖွဲ့အစည်းဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဖြစ်ပေါ်လာပုံနှင့် ဖွဲ့စည်းတည်ဆောက်ထားရှိမှု အခြေအနေများကို ဦးစွာတင်ပြလိုပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သမိုင်းကြောင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနကို လက်ရှိတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် ဦးစီးဌာနလေးခုဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ဖြင့် ဖွဲ့စည်းထားရှိပြီး ၁၉၆၄ ခုနှစ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်၌ ပြည်သူ့ရဲတပ်ဖွဲ့အမည်ဖြင့် လွတ်လပ်သောအဖွဲ့တစ်ခုအနေဖြင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၁-၁၀-၁၉၉၅ ရက်နေ့တွင် ဖွဲ့စည်းပုံပြင်ဆင်ခဲ့ပြီး မြန်မာနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့ တပ်မတော်၏ အစိတ်အပိုင်းဖြစ်လာခဲ့သည်။ ၁၃-၉-၁၉၉၅ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ အမိန့်အမှတ် ၁/၉၅ ကို ထုတ်ပြန်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (Myanmar Police Force) ဟု အမည်ပြောင်းလဲခဲ့ပြီး နှစ်စဉ်အောက်တိုဘာလ ၁ ရက်နေ့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဟု သတ်မှတ်ခဲ့ပါသည်။ ယူနီဖောင်းမှာ ယခင်က ကာကီရောင် ဖြစ်သော်လည်း ၈-၁၂-၂၀၀၄ ရက်နေ့မှစ၍ နက်ပြာ ရောင်သို့ ပြောင်းလဲ သတ်မှတ်ဝတ်ဆင်စေခဲ့ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်တွင်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေးကွပ်ကဲမှုအဖွဲ့၊ နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့၊ တပ်ဖွဲ့များ၊ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များနှင့် ရဲလေ့ကျင့်ရေးကျောင်းများဖြင့် ဖွဲ့စည်းထားရှိပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးနှိမ်နင်းရေးအပါအဝင် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို ရည်မှန်းချက်တာဝန်များအဖြစ် ချမှတ်ထားရှိပြီး ပြစ်မှု မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး၊ ဖြစ်ပွားသောပြစ်မှုများကို စုံစမ်းစစ်ဆေးဖော်ထုတ် တရားစွဲတင်ရေး၊ နိုင်ငံတော်အတွင်း စည်းကမ်းသေဝပ်တည်ငြိမ်ရေး၊ ပြည်သူလူထုလုံခြုံရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး အစရှိသည့်ပြည်သူလူထုနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိသော ကြီးလေးသည့် လုပ်ငန်း တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတာဝန်များ
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အဆိုပါလုပ်ငန်းများအနက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များကို မဟာဗျုဟာ (၂) ရပ်၊ နည်းဗျုဟာ (၃)ရပ်၊ နည်းနာနိဿယ (၃) ရပ်တို့ဖြင့် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် မဟာဗျူဟာ (၂) ရပ်ဖြစ်သည့် မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်၍ ဘက်ပေါင်းစုံမှ တိုက်ဖျက်ချေမှုန်းရေးနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် ဘိန်းစိုက်ပျိုးမှု လုံးဝချုပ်ငြိမ်း ပပျောက်ရေးတို့ကို နည်းဗျူဟာ (၃) ရပ်ဖြစ်သည့် ထုတ်လုပ်မှုပပျောက်ရေး၊ သုံးစွဲမှုပပျောက်ရေးနှင့် တားဆီးနှိမ်နင်းရေးတို့ကို ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ယင်းတို့ကို အကောင်အထည်ဖော်ရာတွင် မူးယစ်ဆေးဝါး စိုက်ပျိုး၊ ထုတ်လုပ်၊ သုံးစွဲသူများ၏ ယုံကြည်ချက်၊ ခံယူချက်နှင့် စိတ်ဓာတ်မြင့်မား တိုးတက်ပြောင်းလဲရေး၊ တောင်ပေါ်မြေပြန့် တိုင်းရင်းသားအချင်းချင်း လွယ်ကူစွာ ကူးလူးဆက်ဆံနိုင်ရေးနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ စီးပွားရေးနှင့် လူနေမှုဘဝ တိုးတက်မြင့်မားရေးဟူသည့် နည်းနာနိဿယ (၃) ရပ်ကို အသုံးပြုဆောင်ရွက်နေခြင်းဖြစ်သည်။
အစိုးရအဆက်ဆက်၏အမျိုးသားရေးတာဝန်
ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်ကို မလွဲမသွေထမ်းဆောင်ကြရသော အစိုးရတို့အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေရသကဲ့သို့ အခြားတစ်ဖက်မှလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို အနှောင့်အယှက် အဟန့်အတားဖြစ်စေသည့် ပြည်သူလူထုတစ်ရပ်လုံးကို ခြိမ်းခြောက်နေသည့် မူးယစ်ဆေးဝါး ပြဿနာ ချုပ်ငြိမ်းရေးနှင့် ထိန်းချုပ်နိုင်ရေးတို့အတွက်လည်း အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဘက်ပေါင်းစုံမှ အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့အချိနအထိ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ ကျဆင်းလာခဲ့ သော်လည်း ဓာတုပစ္စည်းများနှင့် ထုတ်လုပ်ထား သည့် စိတ်ကြွရူးသွပ်ဆေးများ၊ မက်အဖက်တမင်း (အိုက်စ်)၊ ကတ်တမင်း စသည့်လူလုပ်မူးယစ်ဆေးဝါးများ (Synthetic Drugs) ပြဿနာများမှာ ပိုမိုကြီးထွား လာသောကြောင့် ယခုကာလသည် အဆိုးရွားဆုံးအခြေအနေတွင် ရှိနေသည်ဟု တွက်ဆရပါသည်။
မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာစာချုပ်များနှင့်ဥပဒေပြဋ္ဌာန်းချက်များ
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပပျောက် ရေးလုပ်ငန်းများကို နည်းမျိုးစုံဖြင့် အစိုးရအဆက်ဆက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၁၉၆၁ ခုနှစ်တွင် တစ်ခုတည်းသော မူးယစ်ဆေးဝါးများကွန်ဗင်းရှင်း (Single Convention on Narcotics Drugs)၊ ၁၉၇၁ ခုနှစ်တွင် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာကွန်ဗင်းရှင်း (Convention on Psycotropic Substances) နှင့် ၁၉၈၈ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention Against Illicit Traffic in Narcotic Drugs and Psychotropic Substances) တို့ကိုလက်မှတ်ရေးထိုးခြင်း၊ ၁၉၇၆ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ကို ဖွဲ့စည်းခြင်း၊ ၁၉၉၃ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခြင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ နည်းဥပဒေများကို ပြဋ္ဌာန်းခြင်း၊ ၁၉၉၈ ခုနှစ်တွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများချက်လုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်း ကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းခြင်း၊ ၁၉၉၉ ခုနှစ်တွင် မူးယစ် ဆေးဝါးပပျောက်ရေး (၁၅)နှစ် စီမံကိန်းကို ဆောင်ရွက်ခြင်း၊ ၂၀၀၄ ခုနှစ်တွင် ထိန်းချုပ်ဓာတုပစ္စည်း ကြီးကြပ်ရေးဆိုင်ရာ နည်းဥပဒေပြဋ္ဌာန်းခြင်း စသည်ဖြင့် လိုအပ်သော ဥပဒေ၊ နည်းဥပဒေများရေးဆွဲပြဋ္ဌာန်းထုတ်ပြန်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
အဆိုပါ ဆောင်ရွက်ချက်များအပေါ် ပိုမို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန် အခါအားလျော်စွာ ဖြည့်စွက်ခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့ကိုလည်း အချိန်နှင့်တစ်ပြေးညီ နှစ်စဉ်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းနိုင်ရေးအတွက် ဘက်ပေါင်းစုံချဉ်းကပ်မှုများပါဝင်သည့် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒတစ်ရပ်ကို ရေးဆွဲထုတ်ပြန်ပြီး မူဝါဒအား အထောက်အကူ ပြုစေမည့် အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို လမ်းညွှန်မှုမူဘောင်တစ်ခုအနေဖြင့် သတ်မှတ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် လုပ်ငန်းစီမံချက်(Action Plan)များ ရေးဆွဲအကောင် အထည်ဖော်လျက်ရှိပါသည်။ မူးယစ်ဆေးဝါး ထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများ၏ ဦးဆောင်မှုကဏ္ဍသည် အမှန်တကယ် အရေးပါသည့် လုပ်ငန်းလိုအပ်ချက်ဖြစ်ပြီး ဒေသဆိုင်ရာ အဖွဲ့အစည်းများက ဦးဆောင်၍ ပြည်သူလူထု အပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်းတို့၏ ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် အရှိန်အဟုန်ဖြင့် ဟန်ချက်ညီညီ ဆက်လက်ဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းမှာ ရင်ဆိုင်တွေ့ကြုံနေရသည့် မူးယစ်ဆေးဝါးပြဿနာမှာ လူသား မျိုးနွယ်စုတစ်ခုလုံးအပေါ် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ဆုတ်ယုတ် ပျက်စီးစေသည်သာမက နိုင်ငံတော် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုပါ များစွာထိခိုက်စေပါသည်။ ထို့ကြောင့် တစ်ကမ္ဘာလုံးတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ၁၉၈၇ ခုနှစ်တွင် ကျင်းပခဲ့သော ကုလသမဂ္ဂညီလာခံမှ ဇွန်လ ၂၆ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနားအဖြစ် သတ်မှတ်ခဲ့သည့်အချိန်မှစ၍ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် နှစ်စဉ်ကျင်းပလာရာ ယခုဆိုလျှင် (၃၇)ကြိမ်မြောက်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။
အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုများ
မြန်မာနိုင်ငံသည် ဓာတုပစ္စည်းအများဆုံး ထွက်ရှိသော အိမ်နီးချင်းစက်မှုဖွံ့ဖြိုးပြီးနိုင်ငံကြီးများအကြား တည်ရှိနေသည့်အတွက် တရားမဝင်ဓာတုပစ္စည်းများ တားမြစ်ထိန်းချုပ်ရေးမှာ စိန်ခေါ်မှု တစ်ရပ် ဖြစ်လာသောကြောင့် အိမ်နီးချင်းနိုင်ငံများ၊ BIMSTEC နိုင်ငံများ၊ ASEAN ဒေသတွင်းနိုင်ငံများနှင့် ရန်ကုန်မြို့ အခြေစိုက် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် UNODC ၊ ဩစတြေးလျ နိုင်ငံ AFP ၊ အမေရိကန်နိုင်ငံ DEA ၊ တရုတ်နိုင်ငံ NNCC ၊ ထိုင်းနိုင်ငံ ONCB တို့နှင့်လည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပြီး သတင်းများဖလှယ်၍ ဓာတုပစ္စည်းများ လမ်းလွဲမရောက်စေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ပြည့်နှစ်အတွင်း မဲခေါင် (MoU) ခြောက်နိုင်ငံပါဝင်သော Operation 1511 ကိုလည်းကောင်း၊ ၂၀၂၁ ခုနှစ်အတွင်း မြန်မာ-လာအို-ထိုင်း သုံးနိုင်ငံပူးပေါင်း၍ ဘေးကင်းလုံခြုံ သော မဲခေါင်စစ်ဆင်ရေးကိုလည်းကောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ Operation 1511/22 ကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ်အတွင်း Operation 39 အထူးစစ်ဆင်ရေးကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ်တွင် Operation 39/24 အထူးစစ်ဆင်ရေး ကိုလည်းကောင်း ဆောင်ရွက်ခဲ့မှုကြောင့် ရွှေတြိဂံ ဒေသရှိ ဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှု ထိန်းချုပ်ရေးနှင့် မူးယစ်ဆေးဝါးများ ပြင်ပသို့ပျံ့နှံ့ မှုမရှိစေရေး ရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့အပြင် တစ်နိုင်ငံ အတိုင်းအတာဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကို ၂၀၁၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အကြိမ်ပေါင်း ၄၀ ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။
နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးအတွက် ခရီးအသွားအလာများသည့် လမ်းကြောင်းများတွင် ခေတ်မီရှာဖွေရေးကိရိယာများ (X-ray စက်တပ်ယာဉ်များ) တပ်ဆင်အသုံးပြု၍ တိကျစွာ စစ်ဆေးဆောင်ရွက်မှုကြောင့် မူးယစ် ဆေးဝါးသယ်ဆောင်သူများသည် ရှောင်ကွင်းလမ်းများကို အသုံးပြုခြင်း၊ မူးယစ်ဆေးဝါး သယ်ဆောင် ရာလမ်းကြောင်းများ ပြောင်းလဲလာခြင်း၊ သိုဝှက်သယ်ဆောင်ပုံနည်းစနစ်များ ပြောင်းလဲလာခြင်းနှင့် ပင်လယ်ရေကြောင်း အသုံးပြု၍ သယ်ဆောင်ရောင်းဝယ်ခြင်းများ ပိုမိုအသုံးပြုလာကြောင်း တွေ့ရှိ လာရပါသည်။
နှစ်မျိုးသုံးဓာတုပစ္စည်းများ (Dual-use Chemicals)
ယနေ့ကမ္ဘာပေါ်တွင် ဓာတုပစ္စည်းအများစုသည် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင်လည်းကောင်း၊ ကုန်ထုတ်လုပ်ငန်းများနှင့် သယံဇာတ တူးဖော်ရေးလုပ်ငန်းများတွင်လည်းကောင်း မရှိမဖြစ်ထည့်သွင်း အသုံးပြုနေကြသည်။ အဆိုပါ ဓာတုပစ္စည်းများသည် နှစ်မျိုးသုံးဓာတုပစ္စည်း (Dual-use Chemical) အနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာများသို့ တရားမဝင်ရောက်ရှိသွားပြီး လူလုပ်မူးယစ်ဆေးဝါးမျိုးစုံကို အသွင်ပြောင်း ဓာတုပစ္စည်းများ (Designer Precursor) အသုံးပြု၍ ထုတ်လုပ်လာသည့်အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်ပေါ် လျက်ရှိသည်။ ထိုကဲ့သို့ ကမ္ဘာ့နိုင်ငံအများစုတွင် လူလုပ်မူးယစ်ဆေးဝါးများ ထုတ်လုပ်၊ သယ်ဆောင်၊ ဖြန့်ဖြူးရောင်းချမှု (ရောင်းဝယ်မှု) များသည် ပိုမို ကြီးထွားကျယ်ပြန့်လာခဲ့ပြီး သုံးစွဲသူဦးရေမှာလည်း များပြားလာခဲ့သည်ကို ကြားသိ/ တွေ့မြင်နေရပါသည်။ လူလုပ်မူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် အဓိကရင်းမြစ်သည် ပရီကာဆာ ဓာတုပစ္စည်းများ (Precursor Chemicals) ဖြစ်သည်။ ထိုပရီကာဆာများသည် တရားမဝင်လမ်းကြောင်းမှတစ်ဆင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာ နေရာများသို့ ဝင်ရောက်လျက်ရှိပါသည်။ ထို့ကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သည့် ပရီကာဆာ ထိန်းချုပ်ရေးကို အထူးအရေးကြီး ကိစ္စတစ်ရပ်အနေဖြင့် ဆောင်ရွက်နေရခြင်းဖြစ်သည်။
ထိန်းချုပ်ဓာတုပစ္စည်း (သို့မဟုတ်)ပရီကာဆာဓာတုပစ္စည်းများ
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုနိုင်သဖြင့် ကန့်သတ် တားဆီးထားသော ဓာတုပစ္စည်းများကို ထိန်းချုပ်ဓာတုပစ္စည်း (Controlled Chemicals) သို့မဟုတ် ပရီကာဆာ ဓာတုပစ္စည်းများ (Precursor Chemicals) ဟု ခေါ်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအစီအစဉ် (UNDCP) နှင့် အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့တို့မှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုဗေဒပစ္စည်းများကို ပရီကာဆာများ(Precursors)ဟု စတင်သုံးစွဲလာခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ဓာတုပစ္စည်း ပရီကာဆာများတွင် အစပြုသည့်အခြေခံပစ္စည်း (Starting Material)၊ ပျော်ဝင်ပစ္စည်း(Solvent)နှင့် ဓာတ်ပြုပစ္စည်း(Reagent)ဟူ၍ သုံးမျိုးပါဝင်ပါသည်။
မူးယစ်ဆေးဝါးကိုဘယ်လိုနည်းနဲ့ရသလဲ
မူးယစ်ဆေးဝါးကို အမျိုးအစားသုံးခုဖြင့် ပြုလုပ်နိုင်ပြီး ပထမတစ်မျိုးမှာ သဘာဝအတိုင်းရရှိသော ဘိန်းပင်မှ ဘိန်း၊ ဆေးခြောက်ပင်မှ ဆေးခြောက်နှင့် ကိုကင်းပင်မှကိုကားရွက်တို့အား မူးယစ်ဆေးအဖြစ် အသုံးပြုခြင်း ဖြစ်သည်။ ဒုတိယ တစ်မျိုးမှာ တစ်ပိုင်းတစ်စပြုပြင်ဖန်တီးထားသော ဆေးဝါးများ ဥပမာအားဖြင့် ဘိန်းကို ဓာတ်ပြု ပျော်ဝင်စေသည့်် ဓာတုဗေဒပစ္စည်းများဖြစ်သည့် အက်စီ တစ်အင်ဟိုက်ဒရိုဒ် (Acetic Anhydride) နှင့် အီသာ (Ether) တို့ဖြင့် ထုတ်လုပ်ရရှိသော ဟီးရိုးအင်း (Heroin) ဖြစ်သည်။ နောက်ဆုံးတစ်မျိုးမှာ ပြုပြင် ဖန်တီးထားသော ဆေးဝါးများ (Synthetic Drugs) ဖြစ်သည်။ ဥပမာအားဖြင့် မက်သာဖက်တမင်း (Methaphetamin)နှင့် အက်တက်စီ(Ecstacy) MDMA တို့ကို အစပြုကုန်ကြမ်းပစ္စည်းဖြစ်သည့် အက်ဖီဒရင်း(Ephedrine) သို့မဟုတ် ပီတူးပီ (P2P) ကို ဓာတ်ပြုပစ္စည်းနှင့် ပျော်ဝင်ဓာတုပစ္စည်းများ ဖြစ်သည့် သိုင်အိုနိုင်းလ်ကလိုရိုဒ်(Thionyl Chloride)၊ အီသာ(Ether)၊ ဖော်စဖရပ်စ်ပင်တာ ကလိုရိုဒ် (Phosphorous Pentachloride)၊ ဟိုက်ဒရိုကလိုရစ်အက်စစ် (Hydrochloric Acid) တို့ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် မူးယစ်ဆေးဝါးဆိုသည်မှာ ကျန်းမာရေးဝန်ကြီးဌာနမှ ဘိန်းပင်၊ ကိုကင်းပင်၊ ဆေးခြောက်ပင်နှင့် မူးယစ်ဆေးဖြစ်သည်ဟု အမိန့်ကြော်ငြာစာထုတ်ပြန်ထားသည့် အပင်တစ်မျိုးမျိုး၊ ယင်းအပင်တစ်မျိုးမျိုးမှ ထွက်ရှိသော သို့မဟုတ် ထုတ်လုပ်သောအရာဝတ္ထုများ၊ ဆေးဝါးများဖြစ်ပြီး အဆိုပါမူးယစ်ကိုလည်း မူးယစ် ဆေးဝါးဟု သတ်မှတ်ထားပါသည်။ မူးယစ်ဆေးဝါးသည် စိတ်ပူပင်သောကကိုလျှော့ချနိုင်ပြီး လေးနက်သော စူးစမ်းမှုနှင့် ကိုယ်ရေးကိုယ်တာ ရောင်ပြန်ဟပ်မှုတို့ကို ဖြစ်ပေါ်စေနိုင်ကြောင်း လေ့လာမှုများက ဖော်ပြကြပါသည်။
ပရီကာဆာများ (Precursors)
ပရီကာဆာ (Precursor) ကိုလည်း နှစ်မျိုးခွဲခြားနိုင်ပါသည်။ ပထမအမျိုးအစားမှာ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အစပြုကုန်ကြမ်းပစ္စည်း (Starting Materials) အဖြစ် သုံးသည့် အက်ဖီဒရင်း (Ephedrine)၊ ပီတူးပီ(P2P)နှင့် ဆာဖရိုးလ် (Safrole) တို့ဖြစ်သည်။ ဒုတိယအမျိုးအစားမှာ ဓာတ်ပြုပစ္စည်းနှင့် ပျော်ဝင်ပစ္စည်းအဖြစ်သုံးသည့် အက်စီတစ်အင်ဟိုက်ဒရိုဒ် (Acetic Anhydride)၊ အီသာ (Ether) နှင့် သိုင်အိုနိုင်းလ်ကလိုရိုဒ် (Thionyl Chloride) တို့ဖြစ်ပြီး ၎င်းတို့သည် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အနည်းငယ်သာ ပါဝင်တတ်သည်။ မူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည့် ဟီးရိုးအင်း(Heroine) ထုတ်လုပ်ရာတွင် အသုံးပြုသော ပရီကာဆာများမှာ Acetic Acid ၊ Acetic Anhydride ၊ Acetone ၊ Acetyl Chloride ၊ Chloroform ၊ Ethyl Ether ၊ Ethylidene Diacetate ၊ Hydrochloric Acid ၊ Methyl Ethyl Ketone ၊ Phosphrous Pentachloride ၊ Phosphrous Trichloride ၊ Sulphuric Acid နှင့် Thionyl Chloride တို့ ဖြစ်သည်။
စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ(Psycotropis Drugs)
စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ (Psycotropis Drugs) ဆိုသည်မှာ ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ စိတ်ကိုပြောင်းလဲစေသည်ဟု ကြေညာထားသည့် ဆေးဝါးများဖြစ်သည်။ ဘိန်းပင်၊ ကိုကင်းပင်၊ ဆေးခြောက်ပင်နှင့် ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ မူးယစ်ဆေးဝါး ဖြစ်သည်ဟု ကြေညာထားသည့် အပင်တစ်မျိုးမျိုးမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အဖြစ်သို့ ရောက်ရှိရန် ထုတ်လုပ်ခြင်း၊ ယင်းသို့ ထုတ်လုပ်သောအရာဝတ္ထုကို ဓာတုပစ္စည်း သို့မဟုတ် အခြားပစ္စည်းတစ်မျိုးမျိုးနှင့်ရောစပ်၍ ပြုပြင်ထုတ်လုပ်ခြင်း၊ ဖော်စပ်ခြင်း၊ ပြင်ဆင်ပြုလုပ် ခြင်းတို့ကို စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ခြင်းဟုဆိုပါသည်။ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေး ထုတ်လုပ်ပုံများကို ဆက်လက် တင်ပြသွားမည်ဖြစ်ပါသည်။


