ရန်ကုန် ၁ မတ်

မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင်ဖွံ့ဖြိုးရေး အစီအစဉ် (၂၀၁၉) တွင် ရွေးချယ်ခံရသောအသင်း (၃) သင်းနှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံက် (၁၀) နာရီက ရန်ကုန်မြို့ MICT Park ရှိ Kanaung Hub တွင် ကျင်းပသည်။

 

mdn

 

၂၀၁၉  ခုနှစ်၊ ဇန်နဝါရီလက မန္တလေးမြို့တွင် နည်းပညာစွန့်ဦးတီထွင် လူငယ်အဖွဲ့ (၁၅) ဖွဲ့ယှဉ်ပြိုင်ခဲ့ရာမှ ရွေးချယ်ခံရသော အဖွဲ့ (၅) ဖွဲ့နှင့် ရန်ကုန်မြို့တွင် ယှဉ်ပြိုင်သည့် အဖွဲ့ (၁၅) ဖွဲ့မှ ရွေးချယ်ခံရသော အဖွဲ့ (၅) ဖွဲ့တို့အား ဖေဖော်ဝါရီ ၁၀ ရက်က ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ MICT Park တွင် ဆက်လက်ရွေးချယ်ခဲ့ရာ အသင်း (၁၀) သင်းမှ အကောင်းဆုံး (၃) သင်းကို ရွေးချယ်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်လည်း အကောင်းဆုံးအသင်း (၃)သင်းအား ထောက်ပံ့ကူညီခဲ့ရာ ယခုအခါ လူငယ်စီးပွားရေး လုပ်ငန်းရှင်များအဖြစ် ရပ်တည်လျက် ယင်းတို့၏ အနာဂတ်စိတ်ကူးစိတ်သန်းများကို ပုံဖော်ဆောင်ရွက်လျက်ရှိသည်။

အခမ်းအနားတွင် မြန်မာလူငယ်စွန့်ဦးတီထွင် (၂၀၁၉) ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းက ယခုလိုကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ MPT-KSGM Joint Oprations မှ Mr.Yas hiaki Benino က မြန်မာလူငယ် စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ်အား ထောက်ပံ့ကူညီပေးနိုင်ခဲ့မှုအပေါ် မုဒိတာစကားနှင့်လည်းကောင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းဇေယျလှိုင်က လူငယ်များ တီထွင်ဆန်းသစ်မှုတွင် စိတ်ပါဝင်စားလာမှုနှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီးအမှာစကားများ ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ရွေးချယ်ခံထားရသော ပြိုင်ပွဲဝင် အသင်း (၃)သင်းဖြစ်သော ထီနန်းတော် (Idea Capsule)၊ တိုင်းရင်းသားဘာသာစကား (Blue Frog) နှင့် အမှိုက်စနစ်တကျစွန့်ပစ်ရာမှ MPT ဖုန်းဘေလ် အခမဲ့ရရှိမည့် အက်ပလီကေးရှင်း (Waste Manageme nt Mechine) စသည့် အသင်းတို့နှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး ထိုအသင်း(၃)သင်းမှ လူငယ်တို့က မိမိတို့ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

စွန့်ဦးတီထွင်လိုသော လူငယ်များကို MPT နှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်တို့မှ ထောက်ပံ့ကူညီလျက်ရှိရာ နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေး အစီအစဉ်ကို (၂၀၁၈) ခုနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မြန်မာပြည်တစ်ဝှမ်းမှ ကျောင်းသားများနှင့် လူငယ်များ တစ်နှစ်ထက်တစ်နှစ် အထူးစိတ်ဝင်စားလျက် နည်းပညာပိုင်းဆိုင်ရာနှင့် လူငယ်တို့၏ အတွေးအမြင်များ တိုးတက်ကောင်းမွန်လာကာ ဇကာတင် (၁၀)ဖွဲ့မှ အကောင်းဆုံး (၃)ဖွဲ့ကို ရွေးချယ်ရာတွင်လည်း ယှဉ်ပြိုင်မှု ပြင်းထန်ခဲ့သောကြောင့် ရွေးချယ်သော ဒိုင်များအနေဖြင့် သေချာစိစစ်ရွေးချယ်ခဲ့ရကာ လူငယ်တို့၏ တီထွင်ဖန်တီးမှုစွမ်းရည်ကို အားရကျေနပ်စွာဖြင့် အသိအမှတ်ပြု ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- သန်းစိုး- သန်းထိုက်

 

mdn