နေပြည်တော် ၁ မတ်

နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ ကိုယ်ပိုင်အိမ်ရာနှင့် နေထိုင်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးနှင့် လစဉ်ပင်စင်ထောက်ပံ့ ပေးနိုင်ရေးတို့အတွက် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ (Central Provident Fund-CPF) တည်ထောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့သို့ တည်ထောင်သွားနိုင်ရေးအတွက် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေး ကော်မတီကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၁၉  ဖြင့်  ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

အဆိုပါကော်မတီသည် လက်ရှိနိုင်ငံ့ဝန်ထမ်းပင်စင်စနစ်၊ လူမှုဖူလုံရေးစနစ်နှင့် သက်ကြီးရွယ်အိုထောက်ပံ့မှု စနစ်များအရ မြန်မာနိုင်ငံနှင့် သင့်လျော်သည့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ပုံစံမူကြမ်း ဖော်ဆောင်ခြင်း၊ နိုင်ငံတကာအတွေ့အကြုံရှိ အတိုင်ပင်ခံပုဂ္ဂိုလ်များ ရှာဖွေ၍ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဥပဒေရေးဆွဲနိုင်ရန် ပါဝင်ရမည့် အခြေခံမူဝါဒများ ချမှတ်ခြင်း၊ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေအတွက် ဆက်လက် အကောင်အထည်ဖော်နိုင်မည့် Master Plan နှင့်  Action Plan ရေးဆွဲခြင်း၊ Master Plan နှင့် Action Plan များအရ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကော်မတီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ကာ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များမှ အဖွဲ့ဝင်အနေဖြင့် ပါဝင်ပြီး ပင်စင်ဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးတို့အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကော်မတီအတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်မည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က “မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံ့ ဝန်ထမ်းပင်စင်စနစ်ဟာ နိုင်ငံတော်ဘတ်ဂျက်ကနေ တာဝန်ယူကျခံတဲ့စနစ် ဖြစ်ပါတယ်။ ပင်စင်စားအင်အား နှစ်စဉ်တိုးတက်လာခြင်းနဲ့ မြန်မာနိုင်ငံရဲ့မျှော်မှန်း လူ့သက်တမ်း တိုးမြင့်လာခြင်းတွေကြောင့် ပင်စင်အသုံးစရိတ် ပိုမိုသုံးစွဲခဲ့ရပါတယ်။ နိုင်ငံတော် ဘတ်ဂျက်က နေပိုပြီးသုံးစွဲရတာဖြစ်ပါတယ်။ လက်ရှိပင်စင်အသုံးစရိတ်ဟာ GDP ရဲ့ ၁ ဒသမ ၅ ရာခိုင်နှုန်း၊ နိုင်ငံတော် အခွန်ရငွေရဲ့ ၆ ပုံ တစ်ပုံနဲ့ နိုင်ငံတော်ရဲ့ စုစုပေါင်းအသုံးစရိတ်ရဲ့ ၁၀ ရာခိုင်နှုန်းနီးပါး နှစ်စဉ်သုံးစွဲလျှက်ရှိပါတယ်။

"ဒါအပြင် ပုဂ္ဂလိကပိုင် ပြုလုပ်ဆောင်ရွက်တဲ့လုပ်ငန်းတွေ၊ ကော်ပိုရေးရှင်းအသွင် ကူးပြောင်းတဲ့ လုပ်ငန်းတွေရဲ့ပင်စင်အသုံးစရိတ်ကိုပါ ထည့်သွင်းတွက်ချက်မယ်ဆိုရင် ပိုမိုများပြားလာမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အတွက် ဒီလိုဘတ်ဂျက် ဝန်ထုပ်ဝန်ပိုးကို လျော့ကျစေဖို့နဲ့ ရေရှည်တည်တံ့ခိုင်မြဲနိုင်တဲ့ အမျိုးသားပင်စင်စနစ် ဖြစ်ပေါ်လာစေဖို့ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံ့ ဝန်ထမ်းပင်စင်စနစ်ကို အခြားသော ကမ္ဘာ့နိုင်ငံတွေလို ရန်ပုံငွေကိုအခြေခံပြီးတော့ ခံစားခွင့်ပြုတဲ့စနစ်ကို ပြောင်းလဲဖို့လိုအပ်လျက်ရှိပါတယ်။

"ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေကို ထူထောင်ဖို့ လိုအပ်နေပါတယ်။ ရန်ပုံငွေနဲ့စပ်လျဉ်းတဲ့ ဥပဒေ၊ ဆောင်ရွက်မယ့် မဟာဗျူဟာနဲ့လုပ်ငန်းစဉ်တွေကို အချိန်ကာလနဲ့ သတ်မှတ်ရေးဆွဲ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အနာဂတ်ကာလမှာ လူမှုဖူလုံရေးအစီအစဉ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး အစိုးရကဏ္ဍသာမက ပုဂ္ဂလိကကဏ္ဍ ဝန်ထမ်းတွေကိုပါ လွှမ်းခြုံနိုင်မယ့် အမျိုးသားပင်စင်စနစ်ကို မျှော်မှန်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။

"ဒါကြောင့် လက်ရှိပင်စင်စနစ်ကို ပိုမိုထိရောက်ပြီး စွမ်းဆောင်ရည်ရှိတဲ့စနစ် ဖြစ်ပေါ်စေဖို့နဲ့ စနစ်သစ်ကိုထူထောင်နိုင်ဖို့ဆိုတာကို တစ်ပြိုင်တည်းဆောင်ရွက်ရမယ်။ ဝန်ထမ်းတွေရဲ့ ဘဝနောင်ရေးအတွက်၊ စိတ်အေးချမ်းစွာ လူမှုဘဝသာယာဝပြောရေးအတွက် အထောက်အပံ့ဖြစ်စေဖို့၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကိုပံ့ပိုးမှုဖြစ်စေဖို့ ရည်ရွယ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

"ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ထူထောင်ပြီးရင် အငြိမ်းစားလစာကို လက်ရှိကာလရဲ့ ဝယ်နိုင်စွမ်းအားကို ထိန်းသိမ်းထားနိုင်ရေး၊ ညွှန်ကိန်းတွေနဲ့ချိတ်ဆက် တိုးမြှင့်နိုင်ရေးတို့ အတွက်လည်း ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာနဲ့အတူ စီးပွားရေးအမြင်ရှိရှိ ရန်ပုံငွေတိုးတက်ရေး လုပ်ငန်းတွေ ဆောင်ရွက်လုပ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်" ဟု ပြောကြားသည်။

ရှင်မင်း