ကြို့ပင်ကောက် ၂ မတ်
နိုင်ငံအတွင်းရှိ ၇၀ ရာခိုင်နှုန်းခန့်ရှိသော ကျေးလက်နေပြည်သူများအတွင်းမှ အမျိုးသမီးငယ်များကို အမျိုးသားများနှင့်တန်းတူရင်ပေါင်တန်းပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ကာ မိမိတို့မိသားစုစီးပွားရေးကို ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်၍ ကျေးလက်နေအမျိုးသမီးငယ်များအတွက် အိမ်တွင်းမှုအပ်ချုပ်သင်တန်းကို ကြို့ပင်ကောက်မြို့နယ် ဘွက်ရိုးအုပ်စု ကျောင်းကုန်းကျေးရွာ (အမက)ကျောင်းတွင် မတ်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသည်။
အဆိုပါသင်တန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငွေကျပ်သိန်း ၂၀ အကုန်အကျခံကာ ကျေးလက်နေအမျိုးသမီး ၃၀ ဦးအား သင်တန်းဆရာမ ၂ ဦးက စာတွေ့လက်တွေ့အခမဲ့သင်ကြား ပေးသွာမည်ဖြစ်ကြောင်း သင်တန်းသူများ လေ့ကျင့်ချုပ်လုပ်ထားသော အဝတ်အထည်များကိုလည်း သင်တန်းပြီးဆုံးချိန်တွင် မိဘမဲ့ဘုန်းတော်ကြီးသင်စာသင်ကျောင်းများနှင့် ဆင်းရဲနွမ်းပါးဒေသများသို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဒေါ်စန္ဒာအေးကပြောကြားသည်။
ဘွက်ရိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သူရက ကျွန်တော့ရွာမှာ အခုလိုသင်တန်းလာဖွင့်ပေးတဲ့အတွက် အရမ်းဝမ်းသာတယ် ရွာကမိန်းကလေးငယ်တွေ အဲဒီပညာတတ်ချင်ရင် မြို့ကိုသွားပြီး သင်ကြရတယ် အခုတော့ ကိုယ့်ရွာနဲ့ကိုယ် သင်ရတယ် ကျေးရွာအတွင်းမိသားစုတွေရဲ့စီးပွားရေးအထောက်အကူဖြစ်လာမှာမို့ အရမ်းဝမ်း သာမိပါတယ် ဟုပြောကြားသည်။
ကြို့ပင်ကောက်မြို့တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အိမ်တွင်းမှုအပ်ချုပ်သင်တန်း ၈ ကြိမ်ဖွင့်လှစ်သွား မည်ဖြစ်ပြီး ယခုသင်တန်းသည် ၆ ကြိမ်မြောက်ဖြစ်ကြောင်း ပုဏ္ဏရိပ်ကျေးရွာတွင် ဇွန်လနှင့် ဘန်းဘွေးကုန်း ကျေးရွာတွင် သြဂုတ်လတို့တွင် ဆက်လက်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


