ဆီဆိုင် ၂   မတ်    

 

ဒေသခံကလေးများ ပညာရေးပတ်ဝန်းကျင်ကောင်းတွင် ပညာသင်ယူနိုင်ရန်အတွက် ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးခြင်းမှတစ်ဆင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှု၊ နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေထောက်ပံ့မှုဖြင့်၊ စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများပူးပေါင်းဆောက်လုပ်သော ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ပွန်ရမ်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့  လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မတ် ၁ ရက် နံနက် ၁၀ နာရီက အဆိုပါ ကျောင်းဆောင်သစ်ရှေ့၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ကျောင်းဆောင်သစ်ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ဆီဆိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခရိုင်ပညာရေးမှူး ဦးကိုကိုနိုင်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ နိပွန်ဖောင်ဒေးရှင်း(စေတနာ)အဖွဲ့တာဝန်ခံ ဒေါ်အေးအေးသန့်နှင့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ဟိုပုံး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်သက်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းဆောင်သစ်ရှေ့တွင် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်း၊ အမှတ်တရသစ်ပင်စိုက်ပျိုးပေးခြင်းနှင့် ကျောင်းဆောင်သစ်အား လှည့်လည် ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

 

အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ခရိုင်ပညာရေးမှူး ဦးကိုကိုနိုင်တို့က အမှာစကားပြောကြားပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(ဟိုပုံး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်သက်က နယ်စပ်ရေးရာဝန်ကြီးဌာနအနေနဲ့ နယ်စပ်ဒေသမှာ နေထိုင်လျှက်ရှိ ကြတဲ့ တိုင်းရင်းသားများရဲ့ လူမူစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ နယ်စပ်ဒေသတည်ငြိမ်ရေး၊ နယ်စပ် ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသတွင် နေထိုင်သော ပြည်သူများ၏ လူမူစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးစေရေးစတဲ့ လုပ်ငန်းမူဝါဒ(၄)ရပ်ကို အဓိကထား ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ဒီလိုဆောင်ရွက်ပေးရာမှာ ပြည်ထောင်စု/ပြည်နယ် အစိုးရများရဲ့ ရန်ပုံငွေများနဲ့ ဆောင်ရွက်ပေးလျှက်ရှိသလို တစ်ဖက်ကလည်း နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများရဲ့အကူအညီ အထောက်အပံ့များနဲ့လည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ နတလဦးစီးဌာနအနေနဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဒုတိယ(၁၂)လပတ် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ်(၅၆၂.ဝ၆၅)သန်း၊ ပြည်ထောင်စုရန်ပုံငွေ (၆၉၇.၇၆၈)သန်း၊ ပြည်ထောင်စု/ပြည်နယ် စုစုပေါင်းရန်ပုံငွေကျပ်(၁၂၅၉.၈၃၃)သန်းနဲ့ ဆောင်ရွက်ပေးလျှက်ရှိပါ ကြောင်းပြောကြားသည်။ ထို့နောက် နိပွန်ဖောင်ဒေးရှင်း(စေတနာ)အဖွဲ့တာဝန်ခံ ဒေါ်အေးအေးသန့်က ကျွန်မတို့စေတနာ အဖွဲ့ဟာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ နားလည်မှု စာချွန်လွှာရေးထိုးပြီး ရှမ်းပြည်နယ်တောင်ပိုင်းနှင့်မြောက်ပိုင်မှာ “ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားခြင်းစီမံကိန်း” ကို ၂၀ဝ၂ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့ကနေ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လိုအပ်တဲ့ရန်ပုံငွေကိုတော့ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းမှ ပံ့ပိုးပေးပါကြောင်း၊ စေတနာအဖွဲ့အနေဖြင့် ကျောင်းဆောင် သစ်များ ဆောက်လုပ်ပေးနိုင်ဖို့ စာသင်ကျောင်းများကို ရွေးချယ်တဲ့အခါမှာ ရွေးချယ်ရေးမူသတ်မှတ်ပြီး ရွေးချယ်ပါကြောင်း၊ ကျောင်းဆောင်သစ် လိုအပ်ချက်တစ်ခုတည်းပေါ်မှာ မူတည်ပြီးရွေးချယ်တာ မဟုတ်ပါကြောင်း၊ ကျောင်းဆောင်သစ်လိုအပ်ချက်လည်း မြင့်မားပါရမယ် အဲ့ဒီအပြင်ဒေသခံများရဲ့ မိမိတို့၏ ကလေးများ ပညာရေးအပေါ် စိတ်ပါဝင်စားမှု၊ ကြိုးပမ်းအားထုတ်ပေးမှု၊ ကျောင်းဆောင်ဆောက်လုပ်ရေးလုပ်ငန်းမှာ ဒေသခံပြည်သူများရဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်လိုတဲ့ စိတ်ဓာတ်မြင့်မားမှု၊ ကျောင်းဆောင်သစ်ဆောက်လုပ်ရေးလုပ်ငန်း ပြီးစီးသည့်နောက် ဆက်လက် ဆောင်ရွက်သွားမည့် ဒေသဖွံ့ဖြိုးရေးဝင်ငွေတိုးလုပ်ငန်းကို တာဝန်ယူစီမံခန့်ခွဲဆောင်ရွက်နိုင်ခြေရှိ/မရှိနှင့် အနာဂတ်မှာ ဘေးပတ်ဝန်းကျင်များမှ အတုယူနိုင်သော စံပြကျေးရွာ ဖြစ်နိုင်ခြေမြင့်မားမှု စသည့်အချက်အလက်များကိုလည်း ထည့်သွင်းစဉ်းစားရွေးချယ်ပါကြောင်း ပြောကြားသည်။ 

 

ယင်းနောက် ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို နိပွန်ဖောင်ဒေးရှင်း (စေတနာ)အဖွဲ့ တာဝန်ခံ ဒေါ်အေးအေးသန့်က လွှဲပြောင်းပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် ရပ်ရွာပူးပေါင်းပါဝင်မှုကို စေတနာအဖွဲ့သတ်မှတ်ချက်အတိုင်း တွက်ချက်ပြီး ဒေသဖွံ့ဖြိုးရေး ဝင်ငွေတိုးလုပ်ငန်းကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန်အတွက် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်သိန်း (၉၀)ကို နိပွန်ဖောင်ဒေးရှင်း(စေတနာ)အဖွဲ့တာဝန်ခံ ဒေါ်အေးအေးသန့်က ပွန်ရမ်းကျေးရွာ ဒေသဖွံ့ဖြိုးရေးကော်မတီသို့ ပေးအပ်ပြီး အမှတ်တရအလံနှင့် လက်ဆောင်များပြန်လည်ပေးအပ်ကာ ဒေသခံများကိုယ်စား ကျောင်းဆောက်လုပ်ရေး ကော်မတီဝင် တစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါကျောင်းဆောင်သစ်ကို  အလျားပေ ၁၂၀၊ အနံ ပေ ၃၀ ၊ တစ်ထပ်ကျောင်းဆောင်၊ အလူဇင့်သွပ်မိုး၊ အုတ်ကာ၊ (အဂငေ်္တ)ကြမ်းခင်း၊ (၅)ခန်းတွဲ ရေလောင်းအိမ်သာ(၁)လုံး၊ ပေ(၄x၄x၄) ရေလှောင်ကန်(၂)လုံး၊ အလံတိုင်(၁)တိုင်၊ ဆရာ/မ စားပွဲ/ထိုင်ခုံ(၅)စုံ၊ ကျောင်းသား စာရေးစားပွဲ/ထိုင်ခုံ(၅၀)စုံနှင့် White Board(၅)ချပ်တို့ ဖြစ်ပြီး နိပွန်ဖောင်ဒေးရှင်း(စေတနာ)အဖွဲ့မှ ပံ့ပိုးငွေကျပ်(၅၂၄၄၁၃၈၆)နှင့် ဒေသခံပြည်သူပူးပေါင်းထည့်ဝင်ငွေ ကျပ်(၁၃၄၂၁၀ဝ၀)၊ စုစုပေါင်း ငွေကျပ်(၆၅၈၆၂၃၈၆)အကုန်အကျခံ ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)

 

ge DSC