ရန်ကုန် ၂ မတ်
New Myanmar Foundation နှင့် The Asia Foundation တို့ပူးပေါင်း၍ ရန်ကုန်မြို့တော် စည်ပင်သာယာ ကော်မတီဝင်အဆင့်အဆင့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ မဲဆန္ဒရှင်ပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပညာပေးဟောပြောပွဲတွင် The Asia Foundation မှ ဒေါ်မီကီကျော်မြင့် (အကြီးတန်းအစီအစဉ်နှင့် အစိုးရဆက်ဆံရေးညွှန်ကြားရေးအရာရှိ) က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ New Myanmar Foundation မှ ဒေါ်မြနန္ဒာသင်း(ရွေးကောက်ပွဲအကြံပေး) က ၂၀၁၉ခုနှစ် မတ်လ(၃၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မြို့နယ်စည်ပင်သာယာ ရွေးကောက်ပွဲအကြောင်းနှင့် စပ်လျဉ်း၍ အသက်(၁၈)နှစ် ပြည့်ပြီးသူ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူများ၊ စည်ပင်နယ်နမိတ်အတွင်း အနည်းဆုံးတစ်နှစ် တစ်ဆက် တစ်စပ်တည်း အခြေချနေထိုင်သူ နှင့် သက်ဆိုင်ရာမဲဆန္ဒနယ်၏ မဲစာရင်းတွင်ပါဝင်သူများ၊ သက်ကြီး ရွယ်အို၊ မသန်စွမ်း၊ ဆေးရုံတက်ရောက် ကုသနေသူများအနေဖြင့် ကြိုတင်မဲပေးနိုင်ပုံ စသည့် ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာ အချက်အလက်များကို ပညာပေးဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင် က မဲဆန္ဒရှင်ပြည်သူများ၏ အခန်းကဏ္ဍအရေးကြီးပုံတို့အား ဖြည့်စွက်ပြောကြားခဲ့သည်။
ပညာပေးဟောပြောပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။
အဆိုပါ New Myanmar Foundation အဖွဲ့အနေဖြင့် ၂၀ဝ၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ် မှ စတင်ကာ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလုပ်ငန်းများကို လုပ်ဆောင်ခြင်း၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲနှင့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ပညာပေးလုပ်ငန်းများနှင့် လေ့လာ စောင့်ကြည့်ရေးဆိုင်ရာ ကိစ္စရပ်များကို လုပ်ဆောင်ခဲ့ကြောင်း၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ပြည်သူ့အသံများကို လွှတ်တော်နှင့်အစိုးရအဖွဲ့များသို့ ပေးပို့နိုင်ခဲ့ကြောင်း၊ ယခု ၂၀၁၉ ဇန်နဝါရီလ မှ စတင်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများအား ပညာပေးလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နမိတ်အတွင်း မြို့နယ်ပေါင်း (၃၃)မြို့နယ်ရှိ ရွေပြည်သာ၊ တာမွေ၊ ဒေါပုံ၊ ဒလ၊ မြောက်ဥက္ကလာပမြို့နယ်များတွင် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း ဆက်လက်၍ အင်းစိန်၊ ကြည့်မြင်တိုင်၊ ပုစွန်တောင်၊ ဗိုလ်တထောင်မြို့နယ်များတွင်လည်း ပညာပေးလုပ်ငန်းများကို ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း New Myanmar Foundation ဒါရိုက်တာ ဦးဇော်မိုးအောင် က ပြောကြားခဲ့သည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)


