နေပြည်တော် ၂ မတ်
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ အာရှဖွံ့ဖြိုးရေးဘဏ်ဌာနချုပ်တွင် ဖေဖော်ဝါရီ ၂၆ ရက် မှ၂၈ ရက်အထိ Asian Development Fund 12 (ADF 12) Midterm Review Meeting အခမ်းအနားကိုကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ADF 12 (2017-2020) ၏ သက်တမ်းကာလဝက် ပြန်လည်သုံးသပ်မှုများကို ပြုလုပ်ခဲ့ပြီး ဖွံ့ဖြိုးရေးရန်ပုံငွေ၏ ထိရောက်မှုများကို ဆွေးနွေးသည်။ ရန်ပုံငွေမှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနယ်ပယ်အပေါ် ပံ့ပိုးကူညီခြင်း၊ ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအပေါ် ပံ့ပိုးကူညီခြင်းများကိုလည်း ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့အပေါ် အထူးအစီအစဉ်ဖြင့် ရန်ပုံငွေခွဲဝေကူညီမှုများနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန် ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ရန်ပုံငွေအတွက် အနာဂတ်ရည်မှန်းချက်နှင့် ADF 13 အတွက် ကြိုတင်စီမံမှုများကို ဆွေးနွေးခဲ့သည်။
ADF 12 အစီအစဉ်အောက်တွင် နိုင်ငံတွင်း ပဋိပက္ခများ ရင်ဆိုင်ဖြေရှင်းနေရမှုနှင့် ဖွံ့ဖြိုးမှုနောက်ကျမှု အခြေအနေများအရ မြန်မာနိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့ကို Special Allocation အဖြစ် အတိုးနှုန်းသက်သာသော ချေးငွေများကို ပေးအပ်ထားရာ ချေးငွေစီမံကိန်းများ အကောင်အထည်ဖော်မှု၊ ထိရောက်မှုနှင့် ဆက်လက်လိုအပ်မှုအခြေ အနေများကို မြန်မာနိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့မှ ရှင်းလင်းတင်ပြခဲ့ကြသည်။ ရှင်းလင်တင်ပြမှုများနှင့် ADB ၏ အကြံပြုသုံးသပ် ထောက်ခံချက်များအရ အစည်းအဝေးမှ မြန်မာနိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့အား Special Allocation ဆက်လက်ခွဲဝေပေးရန် ဆုံးဖြတ်သည်။
မြန်မာနိုင်ငံသည် ADF အစီအစဉ်အောက်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုစနစ် တိုးတက်ရေးစီမံကိန်း၊ မအူပင်-ဖျာပုံလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်း၊ အိန္ဒု-ကော့ကရိတ် လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း၊ မန္တလေးမြို့ပြဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ ရန်ကုန်တိုင်းဒေသကြီး ၂၃၀ ကေဗွီ ဓာတ်အားလိုင်းစီမံကိန်း၊ လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ လူငယ်များ အလုပ်အကိုင်ရရှိရေးအတွက် လေ့ကျင့်ပြုစု မွေးထုတ်ရေးစီမံကိန်း၊ မဲခေါင်မြစ်ဝှမ်းဒေသ ကျန်းမာရေးလုံခြုံမှုစီမံကိန်း၊ မဟာမဲခေါင် ဒေသခွဲစင်္ကနြ်လမ်းရှိ မော်လမြိုင်၊ ဘားအံ၊ မြဝတီမြို့များ ဖွံ့ဖြိုးရေးစီမံကိန်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အဆင့်မြှင့်တင်ခြင်းနှင့် ပဲခူး-သန်လျင် အဝေးပြေးလမ်း ပြုပြင်ထိန်းသိမ်းခြင်းစီမံကိန်း၊ လျှပ်စစ်ဓာတ်အားကွန်ယက် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ရာသီဥတုနှင့် လိုက်လျောညီထွေရှိသည့် စိုက်ပျိုးစီးပွားတန်ဖိုးကွင်းဆက် စီမံကိန်းတို့ကို အကောင်အထည်ဖော်လျက်ရှိကြောင်း သိရှိရသည်။
(သတင်းစဉ်)


