နေပြည်တော် ၂ မတ်
ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၉)မှ တာဝန်ယူတည်ဆောက်မည့် ပဲခူးမြစ်ကူးတံတား (မြို့ဦးကင်း) ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ သမိန်ဗရမ်းလမ်းဘက်ကမ်းရှိ တံတားတည်ဆောက်မည့် စီမံကိန်းနေရာ၌ ကျင်းပသည်။
ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် အခြေခံအဆောက်အအုံများဖြစ်သည့် လမ်းနှင့် တံတားများ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း၊ အဆောက်အဦများ ဆောက်လုပ်ခြင်း၊ မြို့ပြဖွံ့ဖြိုးရေးနှင့် အိမ်ရာများဆောက်လုပ်ခြင်းကို စီမံချက်များ ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်ထောင်စုလမ်းမကြီး (၁၄၄)လမ်းတွင် ကွန်ကရစ်လမ်း(၃၃၃)မိုင်၊ ကတ္တရာလမ်း (၃၈၅)မိုင်၊ နိုင်လွန်ကတ္တရာလမ်းမိုင် (၁၀၃၀)တို့ကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း လမ်းဦးစီးဌာနမှ လမ်းမိုင်ပေါင်း (၂၆၀ဝ၀)ကျော် ဖောက်လုပ်ထိန်းသိမ်းထားပြီး ပဲခူးတိုင်းဒေသကြီးတွင် လမ်းမိုင်ပေါင်း (၁၃၃၆)မိုင် ဖောက်လုပ်ထားပြီးဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း၌ ပါဝင်သည့် အဓိကလမ်းမကြီးဖြစ်သည့် ရန်ကုန် - မန္တလေးလမ်း၊ ရန်ကုန် - ပြည်လမ်းတို့ကိုလည်း BOT ကုမ္ပဏီများမှ (၄)လမ်းသွားအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ပါကြောင်း။
တံတားဦးစီးဌာနမှ မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ပေ(၁၈၀)နှင့်အထက် တံတားကြီးပေါင်း (၅၆၀)ကျော် တည်ဆောက်ထိန်းသိမ်းထားပြီး ပဲခူးတိုင်းဒေသကြီးအတွင်း တံတားကြီး(၄၃)စင်း တည်ဆောက်ပြီးစီးခဲ့ကာ တည်ဆောက်ဆဲတံတားကြီး (၁၁)စင်းရှိပါကြောင်း။
ယနေ့ပန္နက်တင်သည့် ပဲခူးမြစ်ကူတံတား (မြို့ဦးကင်း)သည် ပဲခူးမြို့ရှောင်လမ်း တစ်လမ်းဖြစ်သည့် စိန်သာလျောင်းလမ်းနှင့် သမိန်ဗရမ်းလမ်းပေါ်တွင် တည်ရှိပြီး အရှည် (၁၅၈)မီတာ (၅၁၈)ပေ (၂)လမ်းသွား သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပါကြောင်း၊ တံတားပြီးစီးသွားပါက ရန်ကုန်-မန္တလေး လမ်းဟောင်းမှတစ်ဆင့် ပဲခူးမြို့ရှောင်လမ်းတွင်ရှိသည့် ဆက်စပ်ဒေသများကို အချိန်တိုအတွင်း ဆက်သွယ်သွားလာ နိုင်မည်ဖြစ်၍ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးအခြေအနေများ တိုးတက်လာမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက လမ်း၊ တံတားများ တည်ဆောက်ပေးသည့်အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှု အခြေအနေနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အခြေအနေတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်၊ စက်မှု၊ လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ၊ ဦးကျော်မင်းစံ၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ စောညိုဝင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစန်းမောင် မောင်တို့က သတ်မှတ်ပန္နက်တော် နေရာများတွင် ပန္နက်တော်တင် တွင်းတော်ဝန်းပေးပြီး အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ မင်္ဂလာမိုင်တိုင်အား ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်တို့က Stand Pipe ကို Vibro Hammer ဖြင့် စက်ခလုတ်နှိပ် ရိုက်သွင်းပေးပြီး အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ အရှည် (၄)မိုင်ရှိ ပဲခူး - ရှမ်းရွာကြီး - ပေပင်ချောင် ကျေးလက်လမ်းအား အပိုင်းလိုက် ကွန်ကရစ်ခင်းပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
အရှည်(၄) မိုင်ရှိ ပဲခူး - ရှမ်းရွာကြီး - ပေပင်ချောင် ကျေးလက်လမ်းပြီးစီးသွားပါက ကျေးရွာအုပ်စု(၃)အုပ်စု၊ ကျေးရွာ(၆)ရွာ၊ အိမ်ခြေ(၁၇၃၀)အိမ်၊ လူဦးရေ(၇၉၅၃)ဦးကို အကျိုးပြုမည်ဖြစ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးမြို့ရှောင်လမ်းအား Max Highway Co.,Ltd မှ ကတ္တရာကွန်ကရစ်ခင်းနေမှု၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးကို ဆက်သွယ်သော အဓိကကျသည့် အမှတ်(၂) လမ်းမကြီးအပိုင်းအား (၄)လမ်းသွား တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)


