နေပြည်တော် ၂ မတ်
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေး၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုလျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးတို့အတွက် ဝန်အားပြည့် ဓာတ်အားခွဲရုံများ အဆင့်မြှင့်တင်ခြင်း၊ ဓာတ်အားလိုင်းအပြစ် ဖြစ်ပွားခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦး၀င်းခိုင်က တစ်နိုင်ငံလုံး၏ ဓာတ်အားထုတ်လုပ်မှုအနေဖြင့် (၃၅၈၆)မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၏ အမြင့်ဆုံးဓာတ်အားသုံးစွဲမှုမှာ (၆၁၄.၇၈) မဂ္ဂါဝပ်ခန့် သုံးစွဲလျက် ရှိပြီးမြို့နယ်များသို့ ဗို့အားပြည့်ဝပြီးတည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးနိုင်ရေးအတွက် ခရိုင်အတွင်းရှိ ဝန်အားပြည့်နေသော ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးတို့အတွက် အလေးအနက်ထား ဆောင်ရွက်ကြရန်လိုကြောင်း။
နိုင်ငံတော်မှ ရည်မှန်းဆောင် ရွက်လျက်ရှိသည့် ရင်းနှီးမြှပ်နှံမှုများအတွက် လိုအပ်သည့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် မျှော်မှန်းပြီး ထုတ်လုပ်မှုအပိုင်း၊ ပို့လွှတ်မှုအပိုင်းနှင့် ဖြန့်ဖြူးမှုအပိုင်းများကို အသင့်ဖြစ်စေရေး စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊ ထိုသို့ ရင်းနှီးမြှပ်နှံမှုများအတွက် မိမိတို့ဝန်ကြီးဌာနသည် အဓိကကျသည့်အတွက် ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှုမြင့်မားလာအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ၄င်းအပြင် လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ မိမိတို့ဒေသရှိ ပြည်သူလူထုနှင့် အနီးကပ် ထိတွေ့ပြီးပြည်သူ လူထု၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် မိမိတို့ ဒေသအားလျှပ်စစ် ဓာတ်အားအပြည့်အဝရ ရှိရန်နည်းလမ်းမျိုးစုံဖြင့်စဉ်းစား၍ စီမံဆောင်ရွက်သွားကြရန် လိုကြောင်း၊ဝန်ထမ်းများ အနေဖြင့်လည်း မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် အဂတိတရားကင်းရှင်းစွာ တာဝန်ယူမှုတာဝန်ခံမှုအပြည့်ဖြင့် မိမိတို့ဝန်ကြီး ဌာန၏ ရည်မှန်းချက်များ အောင်မြင်အောင်စေတနာ ထား၍ဝိုင်းဝန်းဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ ပြည်သူကို လေးလေးစားစားဆက်ဆံရန်နှင့် ပြည်သူများ၏ တုန့်ပြန်မှုများကို ပြန်လည်သုံးသပ်၍ မိမိတို့၏ အတွေ့အကြုံဗဟုသုတ ပညာရပ်များကို အသုံးချပြီး ပြည်သူကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး၊ ခရိုင်လျှပ်စစ်မန်နေဂျာများမှ မိမိတို့ခရိုင်အတွင်းရှိ မြို့နယ်များ၏ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှုအခြေအနေ၊ နှစ်အလိုက် ဓာတ်အားတိုးတက်သုံးစွဲလာမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ်က ခရိုင်များအတွင်းရှိ ခွဲရုံအသီးသီး၏ ဓာတ်အားလိုင်းများ အခြေအနေ၊ ခွဲရုံများရှိ ထရန်စဖော်မာများ၏ ဝန်အားနှင့် ဓာတ်အား သုံးစွဲမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များအပေါ် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဖြည့်စွက်ဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ တာဝန်ရှိသူများနှင့် လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဆက်လက်ကျင်းပသည်။
အစည်းအေ၀းတွင် ပြည်ထောင်စု၀န်ကြီးက မန္တလေးတိုင်းဒေသကြီးရှိ စက်မှုဇုန်/ စက်မှုလက်မှု လုပ်ငန်းများတွင် ယခုလက်ရှိသုံးစွဲနေသော ဝန်အားမှာ (၁၆၁ ဒသမ ၇၈၅) မဂ္ဂါဝပ်သုံးစွဲလျက်ရှိပြီးနောက် ထပ်လိုအပ်လာမည့်ဓာတ်အား လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးရန် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်မှုဇုန်များ၏ ဓာတ်အားလိုအပ်ချက်ကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးနိုင်ရန် Infrastructure များကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး တွင်အများပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ အသုံးပြုနိုင်ရေးအတွက်သာမက စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ လျှပ်စစ်ဓာတ်အားကို အလုံအလောက် ဖြန့်ဖြူးပေးနိုင်မှသာ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍသည်များစွာ တိုးတက်လာနိုင်မည် ဖြစ်သဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင် စုရန်ပုံငွေကို အများဆုံးသုံးစွဲခွင့်ပြုခဲ့ကြောင်း။
ဝန်ကြီးဌာနအနေဖြင့် စက်မှုလက်မှုလုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ ကြုံတွေ့နေရသည့်အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ပြောကြားစေလိုကြောင်း၊ မိမိတို့ဆောင်ရွက်နေမှုသည် ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အကြိမ်ကြိမ်တွေ့ဆုံကြခြင်းဖြင့် ရလဒ်များရရှိလာမည်ဖြစ်ပါကြောင်း၊ နောင်တွင် လည်းဆက်လက်တွေ့ဆုံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးစက်မှုဇုန်(၁၊ ၂၊ ၃)၊ မြင်းခြံ စက်မှုဇုန်၊ မိတ္ထီလာစက်မှုဇုန်များ၏ ဥက္ကဌများနှင့် တာဝန်ရှိသူများမှ လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ လိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ ထပ်မံဖြည့်စွက်ရှင်းလင်း တင်ပြသည်။ ယင်းနောက် တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးမှ လိုအပ်သည်များကို မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


