ရန်ကုန် ၂ မတ်
မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)က ကြီးမှူးပြီး (၁၉)ကြိမ်မြောက် ပွန်ဂဲလ်(ခ)ကောက်သစ်စားပွဲနှင့် တောင်သူလယ်သမားဦးကြီးများအား ဂုဏ်ပြုသည့် အခမ်းအနားကို ယနေ့ ညပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏလမ်းဆုံအနီး သုဝဏ္ဏဘူမိ Event Park တွင် ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ် ဟိန္ဒူဖောင်ဒေးရှင်းမှ တာဝန်ရှိသူတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆီမီးထွန်းညှိ၍ အခမ်းအနားကို စတင်ကြသည်။
ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသိန်းလွင်က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဂုဏ်ပြုအမှာ စကားပြောကြားသည်။
ဆက်လက်၍ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူ ဖောင်ဒေးရှင်း အထွေထွေအတွင်းရေးမှူး ဦးချစ်ဝင်းက တမီလ်ဘာသာဖြင့် အသင်း၏ လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ် ဟိန္ဒူဖောင်ဒေးရှင်းနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ် ရေးအသင်းတို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တမီလ်လူမျိုးများ တက်ရောက်ကြသည်။
ယနေ့ကျင်းပသည့် ပွန်ဂဲလ်(ခ)ကောက်သစ်စားပွဲနှင့် တောင်သူလယ်သမားများအား ဂုဏ်ပြုသည့် ကောက်သစ်စားပွဲ အခမ်းအနားတွင် မြန်မာရိုးရာအကများ၊ အိန္ဒိယနိုင်ငံမှ အနုပညာရှင်များက အဆို၊ အက၊ ဟာသများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
(သတင်း-မင်းသစ်၊ ဓာတ်ပုံဇော်မင်းလတ်)


