ရန်ကုန် ၂ မတ်
ယနေ့ညနေ ၄ နာရီက သပြေကလေးလူငယ်စာကြည့်တိုက် ဖွင့်ပွဲကို တောင်ဥက္ကလာပမြို့နယ် (၁၅) ရပ်ကွက် (၅)လမ်းရှိ အဆိုပါ စာကြည့်တိုက်အဆောက်အဦတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အလယ်တန်း ကျာင်းသား၊ ကျောင်းသူ သပြေကလေးငယ်များက တေးဂီတများ သီဆို တီးမှုတ်ဖျော်ဖြေခဲ့ကြပြီး သပြေဒါရိုက်တာ ဦးမောင်ဇော်က စာကြည့်တိုက် မိတ်ဆက်စကား ပြောကြားခဲ့သည်။
ထို့နောက် တောင်ကိုရီးယားနိုင်ငံ သံအမတ်ကြီး Mr Lee Sang Hwa က စာကြည့်တိုက် ဂုဏ်ပြုအမှတ်တရ စကားပြေကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်သီတာတင်က စာကြည့်တိုက်တစ်ခု၏ တန်ဖိုးကြီးမားပုံကို ရှင်းလင်းပြောကြားခဲ့ပြီး ကလေးလူငယ်စာကြည့်တိုက် ပေါ်ပေါက်လာရေး ဝိုင်းဝန်းကူညီခဲ့ကြသော တောင်ကိုရီယား အစိုးရနှင့် ပြည်သူများအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် သပြေကလေးလူငယ်စာကြည့်တိုက် အုပ်ချုပ်မှုဒါရိုက်တာ Mr Yeom Chang Geun က ယခုဖွင့်လှစ်သော သပြေကလေး လူငယ်စာကြည့်တိုက်သည် ယခုရပ်ကွက်နှင့် မြို့နယ်အတွင်းရှိ ကလေးလူငယ်ပြည်သူများ၏ တိုးတက်ဖွံ့ဖြိုးရေး အကျိုးပြု စာကြည့်တိုက်ဖြစ်ကြောင်း ရှင်းလင်းပြေကြားခဲ့ပြီး စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားသို့ တောင်ကိုရီးယားနိုင်ငံသံအမတ်ကြီး Mr Lee Sang Hwa ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်သီတာတင်၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဦးစီးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြပြီး စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။
သပြေကလေးလူငယ်စာကြည့်တိုက်သည် အလျား (၅၆)ပေ အနံ (၁၈) ပေ ငါးထပ် RCC အဆောက်အဦဖြစ်ပြီး ကလေးလူငယ်စာကြည့်တိုက်အပြင် လူငယ်ဘက်စုံဖွံ့ဖြိုးရေး သင်းတန်းခန်းမများ ပါဝင်ကြောင်း သိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)


