စစ်တွေ ၃ မတ်
မြောက်ဦးခရိုင် မြောက်ဦးမြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး ၈၆ ဦး နုတ်ထွက်စာတင်ခြင်း၊ ပြည်နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် စစ်တွေမြို့ရှိ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးအောင်က ယနေ့ရှင်းလင်းပွဲသည် မြောက်ဦးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၈၆ ဦး နုတ်ထွက်စာတင်သည့်ကိစ္စနှင့် စပ်လျဉ်း၍ ဌာနဆိုင်ရာများအနေဖြင့် လုပ်ထုံးလုပ်နည်းများ လွဲမှားကာ လုပ်ငန်းများဆောင်ရွက်ခဲ့သလိုလို ပြင်ပမီဒီယာ လောကမှာတွေ့ရှိနေရသည့် အနေအထားများကို ရှင်းလင်းရန်အတွက် ယခုလိုတွေ့ဆုံရခြင်းဖြစ်ကြောင်း၊ လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်နေသည့်ကိစ္စများနှင့် ပတ်သက်၍ မီဒီယာများကလည်း အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ အချို့နေရာများတွင် မိုင်းပေါက်ကွဲမှုဖြစ်စဉ်များ၊ သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်၍ အပြစ်မရှိသောပြည်သူများ သေဆုံးရသည့်ဖြစ်စဉ်များ၊
မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းဟု မသိရသော လူများက ဖမ်းဆီးခေါ်ဆောင်သွားခံရမှုများ၊ အစိုးရအဖွဲ့က တာဝန်ယူ ဖြေရှင်းနေရသည့် တိုက်ပွဲရှောင်ဒုက္ခသည်များ၊ ၎င်းကိစ္စများ အများကြီး ဖြစ်ပျက်နေသည့်ကိစ္စနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် အဓိကထားကာ ဆောင်ရွက်နေကြခြင်း ဖြစ်ပါကြောင်း။
ယခုဖြစ်စဉ်က သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များ၊ တာဝန်ရှိသူများက ၎င်းတို့တာဝန်များကို ထမ်းဆောင်သည့်နေရာမှာ သတင်းလက်ဦးမှုရယူပြီး သတင်းတည်ဆောက်ကာ ကြိုတင်မဖြစ်သင့်သည်များကို မဖြစ်ရအောင် ကြိုတင်လုပ်ဆောင်ရခြင်းများလည်း ရှိပါကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်ဖြစ်၊ ပြည်သူများဖြစ်ဖြစ် အားလုံးပြည်သူပြည်သားများသည် အခြေခံ ဥပဒေအောက်တွင် နေထိုင်ရခြင်းဖြစ်သည့်အတွက်ကြောင့် ဥပဒေဘောင်အတွင်းမှာမရှိသည့်၊ မနေသည့် အဖွဲ့အစည်းများ၊ လူများသည် အရေးယူခံရခြင်း၊ ခေါ်ယူစစ်ဆေးခံရခြင်း များရှိနိုင်ပါကြောင်း၊ လုံခြုံရေးကိစ္စများနှင့် ပတ်သက်၍လည်း ရဲတပ်ဖွဲ့မှ ရှင်းလင်းသွားမည်ဖြစ်ကြောင်း။
လက်ရှိ မြောက်ဦးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၈၆ ဦး နုတ်ထွက်သွားသည့် ကိစ္စနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ် ရေးမှူးများသည် ရပ်ရွာပြည်သူများက တင်မြှောက်ထားသော အုပ်ချုပ်ရေးမှူးများဖြစ်ပါကြောင်း၊ ၎င်းတို့သည် တည်ဆဲဥပဒေများကို လိုက်နာရသူများ ဖြစ်ပါကြောင်း၊ အမိန့်နှင့်ညွှန်ကြား ချက်များကို လိုက်နာရသည့် အဖွဲ့အစည်းများဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့်ဆိုလျှင် နိုင်ငံတော်က စရိတ်နှင့်ထောက်ပံ့ ကြေးများပေးပြီး ကျေးရွာဖွံ့ဖြိုးရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မိမိ၏ကျေးရွာမှာ တာဝန်ခံနိုင်သည့်ပုဂ္ဂိုလ်များကို ရွေးကောက်ကာ ခန့်ထားခံရသူများဖြစ်ပါကြောင်း၊ တာဝန်ပေးအပ်သည့် အခါတွင်လည်း ရပ်ကျေးဥပဒေထဲမှာ ကျေးရွာအုပ်ချုပ်ရေးမှူး လုပ်ဆောင်ရမည့်တာဝန်များ၊ လိုက်နာရမည့်ကျင့်ဝတ်များ ပါပြီးဖြစ်ပါကြောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းဝင်နှင့် မတရားအသင်းအဖွဲ့များ၌ ပါဝင်သူ၊ ဆက်သွယ်သူများ မဟုတ်ခြင်းဆိုပြီး ဆောင်ရွက်ထားပါကြောင်း။
ထို့ကြောင့် လက်နက်ကိုင်အဖွဲ့အစည်းဝင်များနှင့် ပတ်သက်ခြင်း၊ ဆက်နွှယ်နေခြင်းရှိလျှင် တည်ဆဲဥပဒေနှင့် ငြိစွန်းနေ မည်ဖြစ်သည့်အတွက်ကြောင့် သက်ဆိုင်ရာဥပဒေကို ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များက တားဆီးကာကွယ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ ယခုကိစ္စနှင့်ပတ်သက်ပြီး လက်ရှိအနေအထားတွင် မြောက်ဦးခရိုင်၌ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများကိုလည်း ၎င်းကိစ္စများနှင့် ပတ်သက်၍ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ခေါ်ယူကာ ရှင်းပြရန်နှင့် ရပ်မိရပ်ဖများ၊ သက်ဆိုင်ရာအဖွဲ့များကို လက်ရှိဆောင်ရွက်ရမည့်ကိစ္စများနှင့် ချပြ ရှင်းလင်းခိုင်းထားပါကြောင်း၊ ချပြရှင်းလင်းသည့်ကိစ္စကိုလည်း ဆောင်ရွက်နေကြပါကြောင်း။
လက်ရှိပြည်နယ်မှာလည်း စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာများနှင့်တွေ့ဆုံကာ ဖြစ်သင့်သည့်၊ ဖြစ်နေသည်များကို အမြင်မှားနေသော ကိစ္စများနှင့်ပတ်သက်ကာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နေသည်ကို ချပြရှင်းလင်းခြင်း ဖြစ်ပါကြောင်း၊ မီဒီယာများအနေဖြင့်လည် မိမိတို့ တတ်နိုင်သည့်ဘက်က ပြည်သူအများသိရှိအောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါရန် ပြောကြားလိုပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီး မောင်မောင်စိုးက နယ်မြေလုံခြုံရေး ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော သတင်းမီဒီယာများမှ သိရှိလိုသည်များကို မေးမြန်းကြရာ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးအောင်နှင့် ဒုတိယရဲမှူးကြီး မောင်မောင်စိုးတို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲသို့ ရခိုင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာများ တက်ရောက်သတင်းယူကြသည်။
တင်ထွန်း၊ ဟန်လင်းထက်


