ဆရာကြည်
(၄-၈-၂၀၂၄ ရက်နေ့မှအဆက်)
(၂)
“သင် ဘယ်ကိုသွားမည်နည်း” ဟု ဘုရားရှင် မေးသည်မှာ “ဘယ်ဘုံ၊ ဘယ်ဘဝသို့ သွားမည်နည်း” ဟု မေးခြင်းဖြစ်ပါသည်။ ထို့ကြောင့် “မသိပါ”ဟု ဖြေရခြင်းဖြစ်ပါသည်။
(၃)
“သင် မသိသလော”ဟု ဘုရားရှင် မေးသည်မှာ “သင်သေရမည်ကို မသိသလော” ဟု မေးခြင်းဖြစ်ပါသည်။ ထို့ကြောင့် “သိပါ၏” ဟု ဖြေဆိုခြင်းဖြစ်ပါသည်။
(၄)
“သင်သိသလော”ဟု ဘုရားရှင် မေးသည်မှာ “သင် ဘယ်တော့သေမလဲ”ဟု မေးခြင်းဖြစ်ပါသည်။ ထို့ကြောင့် “မသိ”ဟု ဖြေရ ခြင်းဖြစ်ပါသည်။ ရှင်းလင်းဖြေကြား လျှောက်ထားလေသည်။
ဘုရားရှင်သည် ထိုအမျိုးသမီးလေးသည် ဖြေတိုင်းဖြေတိုင်း၌ ““သာဓု” “သာဓု” ကောင်းချီး ပေးတော်မူသည်။ ကဲ့ရဲ့ပြောကြားသူတို့အား “ဒါယကာ ဒါယိကာမတို့ သင်တို့သည် ဤအမျိုးသမီးငယ်ဖြေသောအဖြေကို အဓိပ္ပာယ်မသိကြ၍ ကဲ့ရဲ့ခြင်းသာဖြစ်ကုန်၏ ပညာမရှိသောသူသည် သူကန်းများသာဖြစ်ကြကုန်တည်း။ ပညာမျက်စိ ရှိသောသူသာလျှင် မျက်စိအမြင်ရှိသူ ဖြစ်ကြကုန်၏” ဟု မိန့်တော်မူလေသည်။
ဤလောက၌ လူပေါင်းတို့သည် မျက်ပညာ မျက်စိမရှိ၊ အကန်းများသာဖြစ်ကြ၏။ ဤလောကတွင် လူနည်းစုသာလျှင် လက္ခဏာ (၃) ချက်တင်၍ ရှုမြင်နိုင်၏။ ပိုက်ကွန်မှလွတ်သော ငှက်သည် နည်းပါးသကဲ့သို့ လူအနည်းစုသာ နတ်ရွာနိဗ္ဗာန်သို့ ရောက်၏ဟူ၍ ဂါထာဖြင့် ဘုရားရှင်မှ ဆက်ဟောသည်။ ဤတရားကို ကြားနာပြီးသော် ရက်ကန်းသည်မ သမီးပျိုသည် သောတာပန်ဖြစ်သွားလေသည်။
ဘုရားရှင်သည် (၁၈)ဝါမြောက် ဝါဆိုပြီး အာဠဝီပြည် အစရှိသော အရပ်ဒေသသို့ ခရီးဒေသ စာရီ ကြွချီတော်မူ၍ လူနတ်တို့အား တရားရေအေး တိုက်ကျွေးတော်မူလေသည်။ ပြီးနောက် သာဝတ္ထိ ပြည်အနီးရှိ စာလိယတောင်ကျောင်း၌ပင် (၁၉) ဝါမြောက်ဝါကို ဝါကပ်သီတင်း သုံးတော်မူလျက် ကျွတ်ထိုက်သူ ဝေနေယျာသတ္တဝါတို့အား ချေချွတ်တရား ဟောတော်မူလေသည်။
ကုက္ကုဋမိတ္တမုဆိုးမိသားစုကို ချေချွတ်ခြင်း
ရာဇဂြိုဟ်ပြည်၌ သောတာပန်ဖြစ်လေပြီး သူဌေးသမီးတစ်ဦးသည် ဘုံ (၇) ဆင့် ပြာသာဒ်ပေါ်၌ နေသည်။ ၎င်းသည် ရာဇဂြိုဟ်ပြည် ဘုရားရှင်သည် ပထမဦးဆုံးကြွရောက်စဉ် တရားတော်ဟောကြား၍ သောတာပန် ဖြစ်သူဖြစ်သည်။ တစ်နေ့သောအခါ၌ သမင်များကို လှည့်လည်ရောင်းသော “ကုက္ကုဋ မိတ္တ”မည်သော မုဆိုးကြီးကို ယင်းသူဌေးသမီးသည် ဘုံ (၇) ဆင့် လေသာပြတင်းပေါ်မှ ကြည့်ရာမြင်လေသည်။ ၎င်းသည် မြင်မြင်ချင်း မေတ္တာရှိ၍ မိဘများအသိမပေးဘဲ ထိုမုဆိုးကြီးမြို့မှ ပြန်ထွက်သွားသော် ၎င်းနောက်လိုက်၍ ရွာတစ်ရွာ၌ အိမ်ထောင်ပြုကာ နေလေသည်။ ၎င်းသူဌေးသမီးသည် မုဆိုးကြီးနှင့် ပေါင်းသင်းနေထိုင်ရာ သား (၇) ယောက် ရရှိလေ သည်။ ၎င်းတို့ကလည်း အရွယ်ရောက်၍ အသီးသီး အိမ်ထောင်ကျကြလေသည်။
ဘုရားရှင်သည် စာလိတောင်ကျောင်း၌ (၁၉) ဝါမြောက် ဝါကပ်နေတော်မူသည်။ ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းသို့ကြွ၍ သီတင်းသုံးသည်။ ထိုစဉ်အခါ ဘုရားရှင်သည် တစ်နေ့မိုးသောက်ယံတွင် သတ္တလောကကြီးတွင် ချေချွတ်ရမည်သူများကို ကြည့်ရှုသောအခါ မုဆိုးကြီးနှင့်အတူ သား (၇) ယောက်၊ ချွေးမ (၇) ယောက်တို့ (၁၅) ဦးကို မြင်၍ သောတာပန်ဖြစ်လတံ့သည်ကို ဆင်ခြင်သိတော်မူလေသည်။
ဘုရားရှင်သည် သပိတ်သင်္ကန်းတို့ကိုယူ၍ ယင်းမုဆိုး ထောင်ထားသော တောကျော့ကွင်းနေရာသို့ ကြွတော်မူလေသည်။ ထို့နောက် ဘုရားရှင်သည် ကျော့ကွင်းများအနီး၌ ခြေတော်ရာများကို ချထားခဲ့ပြီး အနီးနား ချုံအနီးအရိပ်တွင် နေတော်မူလေသည်။ မုဆိုးကြီးသည် လေးမြားတို့ကိုယူ၍ သူထောင်ထားသော ကျော့ကွင်းနေရာသို့ လာလေသည်။ ထိုအခါ၌ ကျော့ကွင်း၌ သမင်များမမိဘဲ ယင်းနေရာ၌ ခြေရာများကို တွေ့လေသည်။ သူ၏ကျော့ကွင်းမှ သမင်များကို ကယ်သူများ လွတ်ပစ်သလဲဟုဆိုပြီး ဒေါသထွက်နေသည်။ ထိုသို့ထွက်နေစဉ် အနီးနားကို ကြည့်သောအခါ ဘုရားရှင်ကို မြင်လေသည်။ မုဆိုးကြီးသည် သူ့ကျော့ကွင်းမှ သမင်များကို လွတ်ပစ်သူသာဖြစ်မည်ဆိုပြီး ရန်ငြိုးဖွဲ့၍ ဘုရားရှင်အားလေးဖြင့်ပစ်ရန် လေးကိုတင်လေသည်။ ဘုရားရှင်က လေးကိုတင်ခွင့်ပြုပြီး တန်ခိုးဖြင့် မြားများမထွက်လာအောင် တားဆီးထား၍ မုဆိုးကြီးသည် ကြောက်ရုပ်ပမာ ဖြစ်နေလေသည်။
ဤသို့ဖြစ်နေသည်။ ၎င်းသား (၇) ယောက်သည် ဖခင်ပြန်မလာသည်ကိုကြား၍ လိုက်သွားသည်။ ထိုအခါ ၎င်းတို့သည် လေးကိုယ်စီဖြင့်လိုက်သွားလေသည်။ ၎င်းတို့သည် ဖခင်၏အဖြစ်အပျက်ကိုမြင်သော် ဘုရားရှင်အား သူတို့၏ဖခင်ကို လုပ်သူဟူ၍ လေးမြားတင်၍ ဘုရားရှင်သည် တန်ခိုးဖြင့် တားထား၍ မြားများမထွက်ဘဲ ၎င်း တို့သည်လည်း သူတို့၏ဖခင်ကဲ့သို့ ကျောက်ရုပ်ပမာ မတုန်လှုပ်ဘဲ ရှိနေကြလေသည်။
မိခင်ကလည်း သူ့ခင်ပွန်း၊ သားတို့မှာ ပြန်မလာသည်မှာ ကြာ၍ ချွေးမ (၇) ယောက်ကိုခေါ်၍ မုဆိုးကြီး ကျော့ကွင်းထောင်သည့်နေရာသို့လိုက်သွားကြလေသည်။ ထိုအခါ၌ “မုဆိုးကြီးနှင့် သား (၇) ယောက်နှင့်တကွ ဘုရားရှင်ကို လိုက်လာသော မိခင်မြင်လေသော် ဖခင်ကိုမသတ်ကြနှင့်” ဟု ပြင်းထန်စွာအော်လေသည်။ လက်မြောက်လျက် အော်ခြင်းဖြစ်ပါသည်။
ယင်းအသံကို မုဆိုးကြီးကြားသောအခါ ငါ့ယောက္ခမပေတည်းဟူ၍လည်းကောင်း၊ (၇) ယောက်တို့သည် ငါတို့အဘိုးပေတည်းဟူ၍ လည်းကောင်းထင်မှတ်ကြလေသည်။ သို့ဖြစ်သောကြောင့် ၎င်းတို့သည် ဘုရားရှင်အား ချစ်ခင်မြတ်နိုး စိတ်ဖြစ်စေသည်။ မိခင်သူဌေးမသည် လေးတို့ကို လွှတ်ပစ်ပြီး “ငါ့ဖခင်ကို ကန်တော့ကြလော့” ဟု ဆိုလေသည်။
ဘုရားရှင်သည် ထိုသူရှစ်ယောက်သည် စိတ်ထားနူးညံ့သည်ကိုသိသည်။ ၎င်းတို့ကလည်း တောင်းပန် ကန်တော့ကြလေသည်။ ထို့နောက် ဘုရားရှင်သည် ဒါန၊ သီလ၊ သဂ္ဂ၊ ကာမာန အာဒီ နဝ၊ နေက္ခမ္မေအာနိသံသတည်းဟူသော တရားတို့ကို အစဉ်အတိုင်း ဟောတော်မူလေသည်။ ထိုအခါ မုဆိုးကြီး၊ သား (၇) ယောက်၊ ချွေးမ (၇) ယောက် တို့သည် (စုစုပေါင်း ၁၅ ယောက်) သောတပန်များ ဖြစ်သွားကြလေသည်။ ဘုရားရှင်လည်း ရာဇဂြိုဟ် ပြည် ဆွမ်းခံကြွ၍ ဘုန်းပြီးသော် နေလွဲချိန်အတွင်း ကျောင်းသို့ ကြွတော်မူလေသည်။
အရှင်အာနန္ဒမှ ဘုရားရှင်အား “ဘယ်အရပ်သို့ ကြွတော်မူပါသနည်း” လျှောက်ထားသောအခါ ဘုရားရှင်မှ အကြောင်းစုံရှင်းပြမိန့်မြွက်လေသည်။ ရဟန်းတို့ကလည်း ဘုရားရှင်အား မြတ်စွာဘုရား သူဌေးသမီးသည် သောတာပန်ဖြစ်ပါလျက် မုဆိုးကြီးအား ပိုက်ကွန်၊ လေး၊ မြား၊ လှံ စသည့် သားသတ်လက်နက်များကို ဆောင်ရွက်ပေးခြင်းကြောင့် သူ့အသက်သတ်ခြင်း၌ ပါဝင်ပတ်သက်နေသည် မဟုတ်ပါလော့ဟူ၍ လျှောက်ထားကုန်သည်။
ဘုရားရှင်သည် ရဟန်းတို့အား “ရဟန်းတို့ သောတာပန်တို့သည် သူ့အသက်ကို မသတ်ရန်သေစေလိုသော စိတ်လည်း မရှိကုန်၊ အမှန်စင်စစ် ထိုသူဌေးသမီးသည် မိန်းမတို့၏ဝတ္တရား လင်ဆိုတိုင်း လိုက်လုပ်ပေးခြင်းသာဖြစ်၍ သတ္တဝါများ သေစေလိုသောစိတ်မရှိ။ အနာမရှိသော လက်ဝါးဖြင့် အဆိပ်ကို ကိုင်သော်လည်း ထိုအဆိပ်သည်မထိခိုက်၊ မလောင်သကဲ့သို့ ထို့အတူ အကုသိုလ်စိတ်မရှိသောကြောင့် လေးမြားများကို ထုတ်ပေးသော်လည်း မကောင်းမှုမဖြစ်နိုင်။ ဤလက်ဝါး၌ အနာမရှိလျှင် အဆိပ်ကိုကိုင်နိုင်သည်။ အဆိပ်သည် အနာမရှိသော လက်သို့ အစဉ်မကပ်ငြိ၊ မလောင်နိုင်။ စေတနာဖြင့် ကုသိုလ်ပြုသူသည် အကုသိုလ်မဖြစ်ပေ” ဟူ၍ ဂါထာ ဖြင့် ဟောကြားတော်မူလေသည်။
အာနန္ဒသူဌေးကြီးအကြောင်း
ဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးလျက် “ကုက္ကုဋမိတ္တ မိသားစုအား ချေချွတ်ပြီးနောက် သာဝတ္ထိပြည်သို့ ရောက်သောအခါ ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးတော်မူသည်။
သာဝတ္ထိပြည်၌ ကုဋေရှစ်ဆယ် ကြွယ်ဝသော အာနန္ဒဟု အမည်ရှိ သူဌေးတစ်ဦးရှိသည်။ ၎င်းသည် အလွန်နှမြောတွန့်တိုသည်။ မလှူနိုင်၊ မသုံးစွဲနိုင် အလွန်ပင် နှမြောပါသည်။ သူသည် လဝက်တိုင်း၌ ဆွေမျိုးတို့ကို စုဝေးစေ၍ သူ၏သားဖြစ်သူ “မူလ သီရိ” အား ယခုရှိသော ပစ္စည်းများကိုလည်း များလှပြီ မမှတ်သင့်။ ရှိပြီးသော ဥစ္စာတို့ကိုလည်း မပေးသင့်။ အသစ်ရသည့်ဥစ္စာကို ကြီးပွားစေအပ်၏။ အသပြာမျှသော ဥစ္စာကိုလည်း ပျက်စီးကုန်အောင် လုပ်သူတို့သည် ဥစ္စာသည် တဖြည်းဖြည်း ကုန်သည်သာတည်း” ဟု ဆုံးမလေ့ရှိသည်။
၎င်းသူဌေးကြီးသည် နှမြောတွန့်တိုသောကြောင့် သူပိုင်သည့် ရွှေအိုးကြီး ငါးလုံးထားရာ နေရာကို သားအား မပြောချေ။ ဤသို့ ဥစ္စာပစ္စည်း နှမြောသောစိတ်ဖြင့် ၎င်းသည် သေလွန်လေသည်။ ထိုအခါ၌ သူသည် သာဝတ္ထိမြို့အနီးရှိ ဒွန်းစဏ္ဍားရွာ၌ ဒွန်းစဏ္ဍားမတစ်ဦး၏ ဝမ်းတွင်ဝင်စားလေသည်။ ၎င်းကို သန္ဓေတည်သည်မှစ၍ အခစားလုပ်စားကြရသည့် ဒွန်းစဏ္ဍားများသည် အခမရ။ အသက်မွေးမှု ကြပ်တည်းလာကြသည်။ ထိုအခါ ၎င်းတို့ စဉ်းစား၍ သူတို့ရွာ၌ ယုတ်မာသူရှိအံ့ဟု ထင်ကြလေသည်။ ထို့ကြောင့် လူတစ်ဝက်စီ၊ တစ်ဝက်စီ ခွဲထုတ်ကြပါသည်။ နောက်ဆုံး၌ ယင်းဒွန်းစဏ္ဍားမတစ်ဦးသာ ကျန်၍ ၎င်းအား အများက နှင်ထုတ်လေသည်။ ၎င်းမှ မွေးဖွားလာသော ကလေးသည် လက်ခြေ၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့သည် သဘာဝအတိုင်း ရှိမြဲရှိသော နေရာ၌မရှိဘဲ အင်္ဂါချို့တဲ့သဖြင့် မြေဖုတ်ဘီလူးကဲ့သို့ ရုပ်ဆိုးလေသည်။ ၎င်းကို မန္တန်နိုင်ဘဲ သူ့မိခင်သည် ၎င်းအားချီပိုးပြီး လှည့်လည်တောင်းခံရာ ဘာမျှမရ ဖြစ်သည်။ သူငယ်ကို အိမ်မှာထားခဲ့ပြီး တောင်းခံသောအခါ ရမြဲအတိုင်း ရလေသည်။
ဆက်လက်ဖော်ပြပါမည်


