ပဲခူး ၃ မတ်
ပဲခူးမြို့ ဥဿာမြို့သစ်၊ ဟံသာဝတီဗုဒ္ဓဂယာ ပရဝုဏ်အတွင်းရှိ လောကသရဖူ အောင်တော်မူစေတီတော်မြတ်ကြီးနှင့် အရံစေတီ(၈)ဆူတို့အား မတ် ၃ ရက် နံနက် ၈ နာရီ်က စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့် အထွဋ်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ကြခတ်ဝိုင်းစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တေဥယျဓမ္မဘိဝံသထံမှ ဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်နှင့် လှူဖွယ်ပစ္စည်းများ၊ ပရိတ်ရေ၊ ပရိတ်ပန်း၊ ပရိတ်သဲ၊ ပရိတ်ချည်များကို ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းကြကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။
ထို့နောက် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်တို့အား ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်(၃)ပတ် လှည့်လည်ပူဇော်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းကာ စေတီတော်အထွဋ်သို့ တင်လှူပူဇော်ကြသည်။ လှူဒါန်းမှုအစုစုအတွက် နိုင်ငံတော်ဩဝါဒါစရိယ ပဲခူးမြို့မစာသင်တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဂန္ဓမာထံမှ အနုမောဒနာတရားနာယူပြီး ရေစက်သွန်းချ အမျှအတမ်း ပေးဝေကြသည်။
လောကသရဖူ အောင်တော်မူစေတီတော်မြတ်ကြီးနှင့် အရံစေတီ(၈)ဆူတို့အား စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့် အထွဋ်တင်လှူ ပူဇော်ခြင်းကို ပဲခူးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟံသာဝတီဗုဒ္ဓဂယာ မဟာစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ဥဿာသီရိစာသင်တိုက် ပဓာနနာယကဆရာတော် (အဂ္ဂမဟာပဏ္ဍိတ) ဒေါက်တာဘဒ္ဒန္တသူရိယ၊ ချမ်းမြေ့ရိပ်မြိုင်ကျောင်း ပဓာနနာယဆရာတော် (နယ်လှည့်ဓမ္မကထိက) ဘဒ္ဒန္တတေဇောသာရနှင့် ဥဿာသီရိစာသင်တိုက် စာချကထိက (ဓမ္မာစရိယ-ဝိနယဝိဒူ) ဘဒ္ဒန္တသောဘဏတို့၏ ဦးဆောင်မှုဖြင့် ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်း သင်းစပယ်စတိုးမိသားစုများ၊ ခုနစ်ရက်သားသမီးများမှ ခန္ဓာဝန်ဒုက္ခမှ လွတ်မြောက်ရာအမှန် မြတ်နိဗ္ဗာန်ကို ရည်သန်အမှု အာရုံပြုလျက် သစ္စာသိသော ဗောဓိဉာဏ်၏ အားကြီးသော အထောက်အပံ့ဖြစ်စေခြင်း အကျိုးငှာ လောကသရဖူအောင်တော်မူ စေတီတော်မြတ်ကြီးကို (၃၁)ဘုံသားနှင့် ခုနစ်ရက်သား သမီးများ ဖူးမျှော်ကြည်ညိုနိုင်ရန် တည်ထားကိုးကွယ်လှူ ဒါန်းပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


