ပွင့်ဖြူ ၃ မတ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ ဆည်ရေအများဆုံး သိုလှောင်ထားနိုင်သည့် စေတုတ္တရာမြို့နယ်ရှိ မုန်းချောင်းရေလှောင်တမံနှင့် ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝ ရေလှောင်တမံမှတစ်ဆင့် မဲဇလီရေလွှဲဆည်သို့ ၂၀၁၈ - ၂၀၁၉ ခုနှစ် နွေစပါးနှင့် နွေသီးနှံ လျာထားဧရိယာများအတွက် ဆည်ရေပေးဝေရာတွင် စိုက်ပျိုးရေးလိုအပ်ချက်အရ ထုတ်လွှတ်မည့်ဆည်ရေများကို မုန်းချောင်းရေလှောင်တမံနှင့် ကြီးအုံကြီးဝရေလှောင်တမံ ရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားထုတ်လွှတ်ပြီး ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို မဟာဓာတ်အားလိုင်းသို့ ပို့လွှတ်နိုင်သည့်အပြင် မဲဇလီဆည်ရေသောက် ဧရိယာများသို့ စိုက်ပျိုးရေလုံလောက်စွာ ပေးဝေလျက်ရှိကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
မုန်းချောင်းရေလှောင်တမံနှင့် ကြီးအုံကြီးဝရေလှောင်တမံတို့မှ မုန်းချောင်းတစ်လျှောက် မုန်းချောင်းရေ လှောင်တမံမှ အောက်ဘက် ၂၈ မိုင်ခန့်အကွာ ၊ ကြီးအုံကြီးဝရေလှောင်တမံမှ အောက်ဘက် ၇ မိုင်ခန့်အကွာရှိ ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည်သို့ ရေကူပေးဝေပြီး မဲဇလီရေလွှဲဆည်မှ ဆည်ရေများထိန်းညှိကာ မြို့နယ်အတွင်းရှိ တောင်သူများ အဆင်ပြေစွာ သီးနှံစိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေများ ဖြန့်ဝေပေးနေကြောင်း သိရသည်။
၂၀၁၈ - ၂၀၁၉ ခုနှစ် နွေစပါးနှင့် နွေသီးနှံ ရေပေးရာသီတွင် မဲဇလီရေလွှဲဆည် ရေသောက်စနစ်ဖြင့် ပွင့်ဖြူမြို့နယ်အတွင်း နွေစပါးသီးနှံ စိုက်ပျိုးဧက ၃၁၀၄၃ ဧက၊ မင်းဘူးမြို့နယ်အတွင်း နွေစပါးသီးနှံ စိုက်ပျိုးဧက ၉၅၇ ဧက၊ စလင်းမြို့နယ်အတွင်း နွေစပါးသီးနှံ စိုက်ပျိုးဧက ၂၅၀ဝ ဧက စုစုပေါင်း နွေစပါးသီးနှံ ၃၄၅၀ဝ ဧကနှင့် ပွင့်ဖြူမြို့နယ်အတွင်း နွေနှမ်း ၂၁၅၁၃ ဧက၊ မင်းဘူးမြို့နယ်အတွင်း နွေနှမ်း ၁၉၈၇ ဧက၊ စလင်းမြို့နယ်အတွင်း နွေနှမ်း ၂၀ဝ၀ ဧက၊ စုစုပေါင်း နွေသီးနှံ စိုက်ပျိုးဧက ၆၀ဝ၀ဝ ဧက ခန့်ကို ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်၍ စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းထံမှ သိရသည်။
မင်းဘူးခရိုင်အတွင်း မုန်းချောင်းရေလှောင်တမံနှင့် ကြီးအုံကြီးဝရေလှောင်တမံ တည်ဆောက်ပြီးချိန်မှစ၍ တောင်သူများ ရာသီအလိုက် သီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် ရေပိုမိုသိုလှောင်နိုင်ခဲ့ပြီး မဲဇလီရေလွှဲဆည်မှတစ်ဆင့် နှစ်စဉ် မိုးစပါး၊ နွေစပါးနှင့် နွေသီးနှံတို့ကို စဉ်ဆက်မပြတ် စိုက်ပျိုးရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်ခဲ့၍ တောင်သူများ သီးနှံစိုက်ဧက ပိုမိုတိုးချဲ့စိုက်ပျိုးလာနိုင်ခဲ့ကြောင်း သိရသည်။
ယခုအခါ မဲဇလီဆည်ရေ သောက်စနစ်ဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်းမြို့နယ်များမှ ဒေသခံတောင်သူများ လယ်ယာသီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာ၍ လူနေမှုဘဝမြင့်မားပြီး စားနပ်ရိက္ခာ ဖူလုံစေခြင်း၊ ဝင်ငွေတိုးတက်စေခြင်း စသည့် အကျိုးကျေးဇူးများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် နိုင်ငံတော်၏ အဓိက ရည်မှန်းချက်ဖြစ်သော လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ပွင့်ဖြူမြို့နယ်အတွင်းရှိ မဲဇလီရေလွှဲဆည်ဖြင့် တစ်ဖက်တစ်လမ်းမှ အကျိုးပြုပေးလျက်ရှိကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းထွန်း၏ ပြောပြချက်အရ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


