ညောင်ဦး  ၃ မတ်
    

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများ မိုးသီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် ထုတ်ချေးပေးထားသည့် ၂၀၁၈ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းလေးသောင်းကျော်အား ဖေဖော်ဝါရီ ၂၇ ရက်က ညောင်ဦးမြို့နယ်အတွင်းရှိ တောင်သူများထံမှ ရာနှုန်းပြည့် ပြန်လည်ကောက်ခံရရှိခဲ့ကြောင်း ညောင်ဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဒေါ်ရွှေဇင်ဌေးထံမှ သိရသည်။ 
    

 

ညောင်ဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၁၈ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်း ကျေးရွာအုပ်စု ၇၅ အုပ်စု၊ ကျေးရွာပေါင်း ၂၂၄ ရွာမှ တောင်သူဦးရေ ၁၁၇၃၃ ဦးအား မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေပေါင်း ၄၀၇၀ဝ၅၀ဝ၀ဝ ကျပ် ထုတ်ချေးပေးထားကြောင်း သိရပြီး  ချေးငွေများ ထုတ်ချေးပေးရာတွင် စပါးစိုက်ပျိုးမှုအတွက် တစ်ဧက ငွေကျပ် ၁၅၀ဝ၀ဝ နှုန်း၊ အခြားသီးနှံ စိုက်ပျိုးမှုအတွက် တစ်ဧကလျှင် ငွေကျပ် ၅၀ဝ၀ဝ နှုန်းဖြင့် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ 
    

 

“ကျွန်မတို့ ညောင်ဦးမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲအနေနဲ့ မြို့နယ်အတွင်း ၂၀၁၈ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရတဲ့ ကျေးရွာအုပ်စုက ၇၅ အုပ်စု၊ ကျေးရွာပေါင်းက ၂၂၄ ရွာရှိပြီး တောင်သူဦးရေပေါင်းက ၁၁၇၃၃ ဦးရှိပါတယ်။ ထုတ်ချေးပေးထားတဲ့ ချေးငွေပေါင်းကတော့ သိန်းပေါင်း လေးသောင်းကျော် ဖြစ်ပါတယ်။ ယခု ကျွန်မတို့ မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က တောင်သူတွေ မိုးသီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် ထုတ်ချေးပေးခဲ့တဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို တောင်သူတွေ သီးနှံသိမ်းဆည်းပြီးချိန်ဖြစ်တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ လဆန်းပိုင်းမှာ ပြန်လည်ကောက်ခံခဲ့ပြီး ဖေဖော်ဝါရီ ၂၇ ရက်က ရာနှုန်းပြည့် ကောက်ခံပြီးစီးသွားတာ ဖြစ်ပါတယ်။  မြို့နယ်အတွင်းရှိ တောင်သူတွေကလည်း သီးနှံသိမ်းဆည်းပြီးချိန်ဖြစ်လို့ မိုးသီးနှံစိုက်ပျိုးစရိတ်အတွက် ချေးယူထားသည့် ချေးငွေတွေကို တာဝန်သိသိနဲ့ သတ်မှတ်ရက်အတွင်း အပြေအကြေ ပြန်လည်ပေးဆပ်ခဲ့ကြလို့ တောင်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ညောင်ဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဒေါ်ရွှေဇင်ဌေးက ပြောပြသည်။   

 

ရဲဝင်းနိုင် (ညောင်ဦး)