နမ္မတူ ၃ မတ်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာ ပြည်နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ မတ် ၂ ရက် မွန်းလွဲ ၃ နာရီက ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ခန်းမတွင် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးများနှင့် ဒေသခံပြည်သူများကို မိတ်ဆက်ပေးသည်။ ထို့နောက် နမ္မတူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းစိန်က ဒေသဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြီး မြို့မိမြို့ဖ ဦးသန်းလွင်မှ သတ္တုတွင်းကိစ္စရပ်များ၊ ကျူးကျော်မြေကိစ္စများ၊ အသင်းအဖွဲ့အတွက် မြေရရှိရန်နှင့် ကွန်ကရစ်တံတား(၂)စင်းကို အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ဘော်တွင်းသတ္တုတွင်းတာဝန်ခံ ဦးမြင့်ဦးမှ ဆက်သွယ်ရေးကိစ္စရပ်များ၊ မြေကွက်ကိစ္စများ၊ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များ၊ လူမှုဖူလုံရေးအသင်းဝင် ကိစ္စရပ်များနှင့် ထပ်ဆင့်လွှင့်တာဝါတိုင် တည်ဆောက်ပေးနိုင်ရန် ကိစ္စရပ်များကို ရှင်းလင်းတင်ပြ ဆွေးနွေးသည်။
ထို့နောက် ပြည်သူများ၏ လိုအပ်ချက်များ တင်ပြဆွေးနွေးမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ပြန်လည်ဖြေရှင်း ဖြည့်ဆည်းပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စာသင်ကျောင်းများအတွက် ဗလာစာအုပ်၊ အားကစားပစ္စည်းများ၊ ကျောင်းအတွက် အမှိုက်ပုံးများကို ပြည်နယ်လူမှုရေးဝန်ကြီး၊ ဗမာတိုင်းရင်းလူမျိုးရေးရာ ဝန်ကြီးတို့က ပေးအပ်ရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူတို့က လက်ခံရယူကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် နမ္မတူမြို့နယ်တွင် ဖွင့်လှစ်ထားသော စစ်ဘေးရှောင် ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားကာ ကျောက်မဲခရိုင် နမ္မတူမြို့နယ် (သီပေါ-မန်စံ-နမ္မတူလမ်း) တံတားတည်ဆောက်နေမှုနှင့် နမ္မတူသတ္တုတွင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


