ပုလဲ ၃ မတ် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ ပုလဲရတနာခန်းမ၌ မတ် ၂ ရက် နံနက် ၁၀ နာရီက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများသို့ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲကို  ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပုလဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသ ဆင်းရဲမှုနှုန်းကို လျော့ချရန်၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် အာဟာရ ပြည့်ဝစေရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည် တိုးတက်လာစေရန်နှင့်   မမျှော်မှန်းနိုင်သော    ဘေးအန္တရာယ်များ    ကျရောက်လာပါက   တုံ့ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန်၊ လည်ပတ်ရန်ပုံငွေစနစ်တွင် အဖွဲ့မှသဘောတူသော အတိုးငွေထည့်ဝင်၍ တိုးပွားလာသောငွေဖြင့် ကျေးရွာ၏ လိုအပ်ချက်နှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို  ကျေးရွာမှ ကိုယ်တိုင်အကောင်အထည်ဖော်  ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ရရှိသည့် ကျေးရွာ ၅ ရွာ အပါအဝင် ကျေးရွာပေါင်း ၂၈ရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများကို ကျေးရွာတစ်ရွာလျှင်   ငွေကျပ်  သိန်း ၃၀ဝ နှုန်းဖြင့် ထူထောင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့်  မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများဖြင့် ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရောင်းဝယ်ရေး၊  အသက်မွေးဝမ်းကြောင်း လုပ်ငန်းများကို တစ်ပိုင်တစ်နိုင်မှသည် စီးပွားဖြစ် ထုတ်လုပ်နိုင်သည်အထိ ပိုမိုတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းဦးက မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ  လွှဲပြောင်းပေးအပ်ပွဲ  ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

aa

 

ထို့နောက်   စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၃၀ဝ ကို ကြိုးကြာဥကျေးရွာသို့လည်းကောင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က စီမံကိန်းရန်ပုံငွေကျပ် သိန်း ၃၀ဝ ကို   မဲဇရပ်ကျေးရွာသို့လည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက စီမံကိန်းရန်ပုံငွေကျပ် သိန်း ၃၀ဝ ကို နှောရိုးကျေးရွာသို့လည်းကောင်း၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးအောင်ထွန်းမြင့်က စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၃၀ဝ ကို ချောင်းနားကျေးရွာသို့ လည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ  ဦးဇော်မင်းဦးက စီမံကိန်းရန်ပုံငွေကျပ် သိန်း ၃၀ဝ ကို  ဇီးဖြူကုန်း(မြောက်) ကျေးရွာသို့ လည်းကောင်း  လွှဲပြောင်းပေးအပ်ရာ ကျေးရွာမြစိမ်းရောင် စီမံကိန်းရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များက လက်ခံရယူခဲ့ပြီး နှောရိုးကျေးရွာ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအုံးတင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

မြင့်သိန်းစိုး (မြို့နယ် ပြန်/ဆက်)