မကွေး  ၃ မတ်
    

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် တရားရေးဦးစီးမှူးများ၊ ခရိုင်တရားသူကြီးများ၏ (၁၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အတွေ့အကြုံ ရှင်းလင်းသည့် အခမ်းအနားကို မတ် ၂ ရက် နံနက် ၈ နာရီက မကွေးတိုင်းဒေသကြီး တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ် ဦးစိန်ထွန်းက အဖွင်းအမှာစကား ပြောကြားခဲ့သည်။
    

 

အခမ်းအနားတွင် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်က (၁၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ ပြည်ထောင်စုတရားသူကြိီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးများ၏ မှာကြားချက်များကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများဖြစ်သည့်  ဦးမြင့်သိန်းနှင့် ဒေါ်နုယဉ်တို့က တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်ကြူကြူဝင်းက ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မှာကြားချက်များကိုလည်းကောင်း  ရှင်းလင်းဆွေးနွေး မှာကြားသည်။
    

 

အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူးနှင့် တရားရေးအရာရှိများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများမှ တရားသူကြီးများ စုစုပေါင်း (၇၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)