စေတုတ္တရာ ၃ မတ်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်အတွင်း လူသတ်မှု၊ နာကျင်စေမှုနှင့် သက်ငယ်မုဒိမ်းမှုများ လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ စေတုတ္တရာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များက မြို့နယ်ဥပဒေအရာရှိ ဦးကျော်သိန်းဝင်း၊ မြို့နယ်သစ်တောဦးစီးမှူး ဦးမျိုးနိုင်တို့နှင့် ပူးပေါင်း၍ မတ် ၂ ရက် မွန်းလွဲ ၂ နာရီခွဲက စေတုတ္တရာမြို့နယ် စင်းချောင်းကျေးရွာ ရွာလယ်စုရပ်ဆောင်သို့ သွားရောက်ပြီး ဒေသခံကျေးလက်နေ ပြည်သူများအား မှုခင်းကျဆင်းရေး အသိပညာပေး ကွင်းဆင်းဟောပြောခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် တပွင်နယ်မြေရဲစခန်းပိုင် စင်းချောင်းကျေးရွာတွင် ဖေဖော်ဝါရီ ၂၂ ရက်က လူသတ်မှု ဖြစ်ပွားခဲ့သည့်အတွက် စေတုတ္တရာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်က မြို့နယ်အတွင်း ထပ်မံ၍ လူသတ်မှု၊ နာကျင်စေမှုနှင့် သက်ငယ်မုဒိမ်းများ မဖြစ်ပွားစေရန်အတွက် ယခုကဲ့သို့ ကျေးလက်နေပြည်သူများအား မှုခင်းနှင့်ပတ်သက်ပြီး ရှောင်ကြဉ် သတိပြုနိုင်ရန်ရည်ရွယ်၍ ကွင်းဆင်းအသိပညာပေး ဟောပြောခြင်းဖြစ်ကြောင်း၊ လူသတ်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှုများ မဖြစ်အောင် ဆင်ခြင်သတိပြုရန် အချက်များနှင့် အရေးယူခံရမည့် ပြစ်မှုပြစ်ဒဏ်များ၊ သက်ငယ်မုဒိမ်းမှု မဖြစ်အောင် မိဘအုပ်ထိန်းသူများ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ သက်ငယ်မုဒိမ်းမှုဖြစ်ပွားရခြင်း အကြောင်းနှင့် ပြစ်မှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအကြောင်းကို အသေးစိတ် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။ ယင်းနောက် မြို့နယ်ဥပဒေအရာရှိ ဦးကျော်သိန်းဝင်းက လူသတ်မှုနှင့် နာကျင်စေသည့် ခိုက်ရန်ဖြစ်ပွားမှုများ ကျူးလွန်ပါက မိသားစုအတွက် ငွေကုန်ကြေးကျများပြီး စိတ်သောကဖြစ်စေသည့်အတွက် မှုခင်းများမဖြစ်အောင် ပြုမှုနေထိုင်သွားကြစေလိုကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားပြီး မြို့နယ်သစ်တောဦးစီးမှူး ဦးမျိုးနိုင်က သဘာဝသစ်တောသစ်ပင်များ ပြုန်းတီးမှုမရှိအောင် ကာကွယ်ထိန်းသိမ်းရမည့် နည်းစနစ်များနှင့် စည်းကမ်းမဲ့ သစ်ပင်ခုတ်လှဲခြင်းများ ရှောင်ကြဉ်သတိပြုရန်အချက်များကို ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် စေတုတ္တရာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်နှင့် တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း မှုခင်းဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေး ဒေသခံကျေးလက်နေ ပြည်သူများထံ မှုခင်းပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး ဟောပြောပွဲသို့ စေတုတ္တရာမြို့နယ် စင်းချောင်းကျေးရွာမှ ဒေသခံကျေးလက်နေပြည်သူ ၈၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


