ရေစကြို ၃ မတ် 

 

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြားရှိ ကျွန်းပေါ်ကျေးရွာ ၅၂ ရွာမှာ ကျေးရွာဖွံ့ဖြိုးတိုးတက်မှု နည်းပါးလျက်ရှိပြီး မြို့ကြီးများနှင့် ဆက်သွယ်သွားလာရာမှာလည်း ခက်ခဲလျက်ရှိသောကြောင့် သရဖူဆရာတော် ဒေါက်တာအရှင်တေဇနိယမှ ဇက်ကူးတို့တစ်စင်း တည်ထောင်ပေးခဲ့ရာ ယခုအခါ လူအများ သွားလာရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

555

 

အဆိုပါ ဇက်ကူးတို့မှာ ရေစကြိုမြို့နယ်အတွင်းရှိ ချင်းတွင်းမြစ် အရှေ့ဘက်ခြမ်းမှာ ညောင်ပင်ရွာနှင့် ချင်းတွင်းမြစ် အနောက်ဘက်ခြမ်းရှိ ချစ်သူ့ရွာတို့ကို ဖြတ်ကူးသည့် ဇက်ကူးတို့ဖြစ်ကြောင်း သိရသည်။ အဆိုပါဇက်ဖြင့် ကျွန်းထဲကျေးရွာမှ တစ်နေ့လျှင် လူဦးရေ ၃၀ဝ ကျော်ခန့်နှင့် ကျွန်းထဲကျေးရွာထွက် သီးနှံများ မြို့ပေါ်သို့ သွားရောက်ရောင်းချသည့် ကားအစီးရေ  ၂၀ ကျော်ခန့် နေ့စဉ်ကူးသန်းသွားလာလျက်ရှိကြောင်း သိရသည်။

 

“ကျွန်းထဲကျေးရွာတွေက မြို့ကိုသွားဖို့ သွားလာရေး အင်မတန်မှကို ခက်ခဲတယ်။ ကျေးရွာထွက် သီးနှံတွေရောင်းဖို့ဆိုရင် ရေစကြိုမြို့ကို ရောက်ဖို့ဆိုရင်လည်း ချင်းတွင်းမြစ်ကိုဖြတ်ရတယ်။ မြင်းခြံဘက် ထွက်မယ်ဆိုရင်လည်း ဧရာဝတီမြစ်ကို ဖြတ်ရတယ်။ ဧရာဝတီမြစ်ဘက် ကူးမယ်ဆိုလို့ရှိရင် မြင်းခြံကို ကုန်စည်စီးဆင်းမှုက လမ်းမသာဘူး။ ကျွန်းပေါ်ရွာတွေ အနေနဲ့ မြို့ကိုထွက်တဲ့ ထွက်ပေါက်ကို ကျွန်းအနေအထားကို ကြည့်လိုက်ရင် ဒီလမ်းကြောင်းက အကောင်းဆုံးဘဲ။ အဲဒါကြောင့် ညောင်ပင်ရွာကနေ ရေစကြိုမြို့ဘက်ခြမ်းက ချစ်သူ့ရွာဘက်ကို ဇက်ကူးဖို့လမ်းကိုရွေးခဲ့တာ” ဟု သရဖူဆရာတော် ဒေါက်တာအရှင်တေဇနိယက မိန့်ကြားပြောသည်။

 

မြစ်နှစ်မြစ်ကြားမှ ပြည်သူများသည် ကျေးရွာထွက် သီးနှံများကို  မြင်းခြံမြို့သို့ သွားရောက်ရောင်းချလိုပါက ဧရာဝတီမြစ်အား ဖြတ်ကူးရပြီး  တဖက်ကမ်းတွင် မြင်းခြံမြို့သို့ရောက်အောင် ကျေးရွာများအား ဖြတ်သွားရသဖြင့် သွားလာရေး အဆင်မပြေကြကြောင်း သိရသည်။ ထို့တူ ရေစကြိုမြို့သို့ သီးနှံများ လာရောက်ရောင်းချပါကလည်း ချင်းတွင်းမြစ်အား မော်တော်ငယ်များဖြင့် ဖြတ်ကူးရပြီး  ပွဲရုံရောက်အောင် အဆင့်ဆင့် သယ်ယူခဲ့ကြရကြောင်း သိရသည်။

 

“အရင်က ဇက်မရှိခင်တုန်းကတော့ ရေစကြိုမြို့ပေါ်ကို ပြောင်းအိတ်တွေ သွားရောင်းတော့မယ်ဆိုရင် ရွာအိမ်ကနေ ပြောင်းအိတ်တွေကို ထော်လာဂျီတို့ လှည်းတို့နဲ့ သယ်ပြီးရင် မော်တော်ဆိပ်ဆင်း၊  မော်တော်ပေါ်ပြောင်းရွှေ့သယ်၊ ပြီးရင် တစ်ဖက်ကမ်းရောက်ရင် တစ်ဖက်ကမ်းက ထော်လာဂျီပေါ်ပြောင်းသယ်၊ ပြီးမှ ပွဲရုံရောက်အောင်သွားရတာ။ အလုပ်သမားခ အဆင့်ဆင့်၊ သယ်ယူခ အဆင့်ဆင့် ကုန်တယ်။ လူလည်းပင်ပန်းတယ်၊ အမြတ်ငွေလည်း နည်းတော့တာပေါ့။ အခုကျတော့ ဇက်ရှိလာတော့  ရွာကနေ ထော်လာဂျီပေါ်  ပြောင်းအိတ်တို့ပဲ အိတ်တို့တင်ပြီးရင်  ဇက်ပေါ် ထော်လာဂျီမောင်းတင်ပြီးတော့ တစ်ဖက်ကမ်း ချစ်သူ့ရွာရောက်ရင်လည်း အဲဒီထော်လာဂျီနဲ့ပဲ ရေစကြိုပွဲရုံရောက်အောင် တိုက်ရိုက်သွားလိုက်တာ။ ဆရာတော်ကြီး ဇက်ထောင်လိုက်တာ ကျွန်တော်တို့ ကျွန်းထဲရွာတွေအတွက် တော်တော်ကိုအဆင်ပြေပါတယ်” ဟု ကျေးရွာသား တစ်ဦးဖြစ်သူ ဦးထွန်းနိုင်က ပြောသည်။

 

ဆရာတော်မှ ဇက်ပြန်လည်ပြင်ဆင်နိုင်ရန်နှင့် ဇက်ဆီဖိုးရရှိရန်အတွက်သာ ရည်ရွယ်၍ ဇက်ကူးတို့ခနှုန်းထားများကို ဈေးနှုန်းချိုသာစွာ ကောက်ခံထားပြီး  သီးနှံတင်ကားများကိုလည်း ကားတစ်စီးခသာ ကောက်ခံ၍ သီးနှံတင်ခ မကောက်ခံသည့်အတွက် တောင်သူများမှ အဆိုပါဇက်အား အသုံးပြုကာ နေ့စဉ်ကူးသန်းနေကြကြောင်း သိရသည်။

 

“ကျွန်တော်တို့ဇက်ကို မနက် ၆ နာရီကနေ ညနေ ၆ နာရီထိ  မနားတမ်းကူးပေးနေတာပါ။ လူတစ်ယောက်ရှိ တစ်ယောက်ကူးပေးဖို့ ဆရာတော်က မိန့်ကြားထားလို့ပါ။  အစိုးရဝန်ထမ်းတွေ အားလုံးအတွက်က ဇက်ကူးတို့ကူးခ မကောက်ပါဘူး။ အခမဲ့ပါ ည ညဉ့်နက်သန်းခေါင်မှာ ကျွန်းထဲကနေ ရေစကြိုမြို့က ဆေးရုံကြီးကိုသွားဖို့ အရေးပေါ်လူနာ ပေါ်လာရင်လည်း ညဆိုလည်း ဇက်ကူးပေးပါတယ်။ လူနာအတွက်လည်း ဆရာတော်က အခမဲ့ကူးပေးဖို့ မိန့်ထားပါတယ်”ဟု ဇက်ကူးတို့ကြီးကြပ်သူ ဦးနေမျိုးက ပြောသည်။

 

ဆရာတော်သည် ကျွန်းထဲကျေးရွာ ငတရော် ကျေးရွာဇာတိဖြစ်သဖြင့် ကျွန်းထဲကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဇက်ကူးတို့တည်ထောင်ခြင်းကို တရားဟောရရှိငွေများဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဇက်တန်ဖိုးမှာ ငွေကျပ်သိန်းတစ်ထောင်ကျော် ကုန်ကျကြောင်း သိရသည်။

 

အိမွန်ဆွေ(ရေစကြို)