မြောက်ဦး ၃ မတ်
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းမှ ပြည်သူများအား မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်က သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါစစ်ဘေးရှောင် ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းသို့ ရခိုင်ပြည်နယ် ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးမြင့်ထွေး၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲ ဒုတိယဥက္ကဋ္ဌ ဉီးဘိုမောင်နှင့် စစ်ဘေးရှောင်စခန်းရှိ ပြည်သူများ တက်ရောက်ကြပြီး စစ်ဘေးရှောင်စခန်းများ ဖွင့်လှစ်ထားသော စေတီတောင်ကျေးရွာ၊ တိမ်ညိုရွာသစ် ကျေးရွာနှင့် အောက်သားကန်ကျေးရွာများတွင် ရောက်ရှိနေကြသည့် အကျိုးခံစားခွင့်ရှိသူ အိမ်ထောင်စု (၁၀၅)စု၊ လူဦးရေ အမျိုးသား (၁၉၄)ဦး၊ အမျိုးသမီး (၂၄၂)ဦး စုစုပေါင်း လူဦးရေ (၄၃၆)ဦးအတွက် ကူညီရန် ပြည်နယ်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့မှူး ဦးမြင့်ထွေး ဦးဆောင်သော စစ်တွေမြို့ကြက်ခြေနီ သူနာပြုတပ်ဖွဲ့နှင့် ပဲခူးတိုင်း Deploy Team တို့မှ ကြက်ခြေနီ စေတနာ့လုပ်အားရှင် (၂၀)ဦးတို့သည် အိမ်သုံးပစ္စည်း (၁၄)မျိုးပါဝင်သော Family Kit (၁၀၅)ပုံး၊ ပစ္စည်း(၁၀)မျိုးပါ အမျိုးသမီးတစ်ကိုယ်ရေသုံး ပစ္စည်းအိတ် (၁၀၅) အိတ်တို့အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့ပြင် စစ်ဘေးရှောင်ပြည်သူများအား ကြက်ခြေနီလှုပ်ရှားမှုအကြောင်း သိကောင်းစရာများနှင့် ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများ ဟောပြောဆွေးနွေးခဲ့ပြီး တပ်ဖွဲ့ဝင်များမှ အားပေးစကားပြောကြားခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သိရှိရသည်။
MDN


