နေပြည်တော် ၃ မတ်
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ဖေဖော်ဝါရီ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အကြိမ်(၄၀)ပြည့် ပုံမှန်အစည်းအဝေးနှင့် လက်နက်ဖျက်သိမ်းရေးညီလာခံတို့၏ အဆင့်မြင့်ကဏ္ဍများသို့ ပါဝင်တက်ရောက်ခဲ့ပြီး မတ် ၃ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ဖေဖော်ဝါရီ ၂၆ ရက်တွင် လူ့အခွင့်အရေးကောင်စီ၏ အဆင့်မြင့်ကဏ္ဍ အစည်းအဝေး၌ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး၊ လူ့အခွင့်အရေးကောင်စီမှ လူ့အခွင့်အရေးကာကွယ်ရာတွင် ထိပ်တိုက်တွေ့ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းအစား အပြုသဘော ထိတွေ့ပူးပေါင်းဆောင်ရွက်ရေး၊ လွတ်လပ်မှု၊ ဘက်မလိုက်မှုနှင့် ဂုဏ်သိက္ခာစောင့်ထိန်းရေးစသည့် မူဝါဒများ၏ အရေးပါမှုနှင့်ပတ်သက်၍ လည်းကောင်း၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့်အရေးကာကွယ် မြှင့်တင်ရေး၊ ရခိုင်ပြည်နယ် အရေးကိစ္စ ဖြေရှင်းဆောင်ရွက်နေမှု နှင့် လူ့အခွင့်အရေး မြှင့်တင်ရေးအတွက် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်း ဆောင်ရွက်မှုများဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် ကြုံတွေ့ရသောစိန်ခေါ်မှုများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
အလားတူ ပြည်ထောင်စုဝန်ကြီးသည် ဖေဖော်ဝါရီ ၂၇ ရက်တွင် လက်နက်ဖျက်သိမ်းရေး ညီလာခံ၏ အဆင့်မြင့်ကဏ္ဍအစည်းအဝေးသို့ တက်ရောက်၍ မိန့်ခွန်းတစ်ရပ်ပါဝင်ပြောကြားခဲ့ပြီး၊ လက်ရှိကမ္ဘာ့လုံခြုံရေး၊ လက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေး ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် လက်နက် မပြန့်ပွားရေးနှင့် ဖျက်သိမ်းရေးတို့အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်နေမှုများနှင့် ဦးစားပေးကိစ္စရပ်များ၊ လက်နက် ဖျက်သိမ်းရေးညီလာခံတွင် ဆောင်ရွက် နေသော လုပ်ငန်းစဉ်များကို ထည့်သွင်းရှင်းလင်း ပြောကြားခဲ့သည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း လိုက်ပါလျက် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး H.E. Ms. Retno Lestari Priansari Marsud၊ နီပေါနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Pradeep Kumar Gyawali၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပါလီမန်ဆိုင်ရာ ဒုတိယဝန်ကြီး (Parliamentary Vice-Minister) H.E. Mr. Kyoto Tsuji၊ ကျူးဘားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Marcelino Medina Gonzalez တို့နှင့် ကုလသမဂ္ဂအဆောက်အဦ၌ နှစ်နိုင်ငံချင်း သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။
ယင်းသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးနှင့် ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်းရေးတို့နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် သဘောထားအမြင်များကို ရှင်းလင်း ပြောကြားဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတကာကုန်သွယ်ရေးစင်တာ (ITC) ၏ အမှုဆောင် ညွှန်ကြားရေးမှူး Ms. Arancha Gonzale နှင့်အဖွဲ့အား ဖေဖေါ်ဝါရီလ ၂၈ ရက်တွင် မြန်မာအမြဲ တမ်းကိုယ်စားလှယ်အဖွဲ့ရုံး၌ လက်ခံတွေ့ဆုံခဲ့ပြီး၊ မြန်မာနိုင်ငံနှင့် ITC တို့အကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများ အပေါ် ဆွေးနွေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် ယင်းနေ့ နံနက်ပိုင်းတွင် မြန်မာအဖွဲ့ရုံးသို့ သွားရောက်ခဲ့ပြီး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးနှင့် မြန်မာအဖွဲ့ရုံးဝန်ထမ်းများအား တွေ့ဆုံ၍ မြန်မာကိုယ်စားလှယ်အဖွဲ့၏ လုပ်ငန်းဆောင်တာနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှသတင်းရရှိသည်။
သတင်းစဉ်


